ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ၂၀၁၈ ခုနှစ် ၆ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား  နေပြည်တော်ဘူတာကြီး ဘဝသံသရာခန်းမ၌ကျင်းပ

နေပြည်တော် ၁၆ ဇန်နဝါရီ 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ၂၀၁၈ ခုနှစ် ၆ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်တွင် မြန်မာ့မီးရထားရုံးချုပ် ဘဝသံသရာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရထားပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် တာဝန်ကျေပွန်ရုံတင် မဟုတ်ပဲစေတနာထား၍ ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ သို့မှသာ လုပ်ငန်းများ အောင်မြင်လာမှာဖြစ်ကြောင်း၊ မြန်မာ့မီးရထား၏ အဓိကလမ်းမကြီး (၄)ခုဖြစ်သည့်  ရန်ကုန်-မန္တလေး လမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းများကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေရာမှာ ရန်ကုန်-မန္တလေး လမ်းပိုင်းကို ရန်ကုန်-တောင်ငူလမ်းပိုင်း၊ တောင်ငူ- ရမည်းသင်း လမ်းပိုင်း၊ ရမည်းသင်း-မန္တလေး ပိုင်းဆိုပြီး အပိုင်း(၃)ပိုင်းခွဲပြီး ဆောင်ရွက်မှာဖြစ်ပြီး ရန်ကုန်-တောင်ငူ လမ်းပိုင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စတင်ပြီးဆောင်ရွက်နေပါကြောင်း။ 

 

ရန်ကုန်-တောင်ငူ လမ်းပိုင်းကို ရန်ကုန်-ပဲခူး၊ ပဲခူး-ညောင်လေးပင်၊ ညောင်လေးပင်-တောင်ငူဆိုပြီး အပိုင်း(၃)ပိုင်းခွဲကာ ကျောက်ဖြည့်တင်းခြင်း၊ ပါကင်ရိုက်ခြင်း၊ သံလမ်းများလဲလှယ်ခြင်း စသည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ JACA နှင့် ပူးပေါင်းဆောင်ရွက်သည့်အတွက်  မြန်မာ့မီးရထား ဝန်ထမ်းများဘက်မှလည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုကို အစွမ်းကုန် ရှောင်ကျဉ်ရမှာဖြစ်ကြောင်း၊ မသမာမှုများ လျော့နည်းပပျောက်ရေးကိုလည်း အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ မြန်မာ့မီးရထား၏ အထွေထွေနည်းဥပဒေများအား လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် ဆက်ဆံရာမှာ ယဉ်ကျေးပြေပြစ်စွာ ဆက်ဆံရန်လိုအပ်ကြောင်း၊ အများအကျိုးကို ဆောင်လိုသည့်စိတ်၊ ပြည်သူကို အကူအညီပေးလိုသည့်စိတ်၊ အနစ်နာခံလိုသည့်စိတ်များ ဝန်ထမ်းတိုင်းတွင် ရှိရန်လိုအပ်ကြောင်း  မှာကြားသည်။ 

 

ဆက်လက်၍ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းက “မြန်မာ့မီးရထားအနေနဲ့ ရထားလမ်းပိုင်းများ ကောင်းမွန်စေရန်၊ စက်ခေါင်းနှင့်တွဲများ ပြည့်စုံလာအောင် အဖက်ဖက်မှ ကြိုးစာဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် တိုင်းအရာရှိများအနေနဲ့ မိမိတိုင်းတွင်လုပ်ငန်းများ အဆင်ပြေစေရေး ခရီးသည်များ ခရီးသွားလာမှု အဆင်ပြေစေရေး ရထားလုပ်ငန်းများတွင် ဌာနပိုင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ လျာထားချက်များပြည့်မီစေရေး၊ ရထားအန္တရာယ်ကင်းရှင်းရေးကို တစ်နှစ်ထက်တစ်နှစ် လျော့နည်းပပျောက်အောင် အလေးထားဆောင်ရွက်သွားကြရန်” မှာကြားသည်။

 

ထို့နောက် မြန်မာ့မီးရထားတိုင်း (၁၁)တိုင်းမှ တိုင်းအလိုက်တာဝန်ရှိသူများက လုပ်ငန်းများတိုးတက်ရန် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ အားရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ အစည်းအဝေးအား ဇန်နဝါရီ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

(သတင်းစဉ်)