ပလင်းကမ်းသာယာ ဆင်စခန်းတွင် နှစ်သစ်ကူးရုံးပိတ်ရက် လာရောက်လေ့လာ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ

ညောင်ဦး ၁ ဇန်နဝါရီ  

 

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုလင်းကျေးရွာအနီးတွင် ဖွင့်လှစ်ထားရှိသော ပလင်းကမ်းသာယာ ဆင်စခန်းသို့ နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း လာရောက်လေ့လာသူ၊ ဆင်ချစ်သူများနှင့် စည်ကားနေကြောင်း သိရသည်။

 

အဆိုပါ ပလင်းကမ်းသာယာ ဆင်စခန်းသည် ညောင်ဦးမြို့မှ (၅)မိုင်အကွာတွင် ဖွင့်လှစ်ထားရှိပြီး  မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး ပုလင်းကျေးရွာ အနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိကာ ဆင်စခန်းဝင်းတွင် ဆင်(၈)ကောင်ရှိကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ပြောပြသည်။

 

မြန်မာ့သစ်လုပ်ငန်းမှ ဆင်ထိန်းသိမ်းရေး ခရီးသွားအခြေပြု လုပ်ငန်းအဖြစ် ဆင်စခန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ အနားယူနိုင်ရန်နှင့် ဆင်များနှင့် အနီးကပ်ထိတွေ့ ခံစားစေနိုင်ပြီး ဆင်များ၏ သဘောသဘာဝကို ဆင်ချစ်သူများ လေ့လာနိုင်စေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရည်ရွယ်ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း ဆင်စခန်းတာဝန်ခံမှ ရှင်းပြသည်။

 

ပလင်းကမ်းသာယာ ဆင်စခန်းသည် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်နှင့် နီးသောကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပဧည့်သည်များပါ လာရောက်လေ့လာကြကြောင်း၊ နှစ်သစ်ကူးရုံးပိတ်အတွင်း ပြည်တွင်းခရီးသွား ၁၈၅၀ ကျော်နှင့် ပြည်ပခရီးသွား (၂၇)ဦး လာရောက်လေ့လာကြကြောင်း၊ ဆင်စခန်းဝင်းအတွင်းသို့ ကျောင်းသားကျောင်းသူများ၊ ရဟန်းသံဃာများ၊ သီလရှင်များနှင့် ကလေးငယ်များ ဝင်ကြေးကောက်ခံခြင်းမရှိဘဲ ပြည်ပဧည့်သည်များအနေဖြင့် ဆင်စီးခ ၁၀၀၀၀ ကျပ်၊ ပြည်တွင်းခရီးသွားများ ဆင်စီးခ ၅၀၀၀ ကျပ်၊ ဆင်စာတစ်ပွဲ ၁၀၀၀ ကျပ်သတ်မှတ်ပြီး ဆင်စာယွန်း လင်ဗန်းတစ်ချပ်ထဲတွင် ကြံရိုး(၂)ချောင်း၊ ဖရဲသီးစိတ် (၂)စိတ်၊ ပြောင်းဖူး (၂)ဖူး၊ ငှက်ပျောသီး (၂)လုံး၊ ရာသီပေါ်သီးနှံ (၂)မျိုးစီပါရှိကြောင်း သိရသည်။

 

နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း ကျောင်းသားကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားကျောင်းသူများ အများဆုံးလာရောက်ကြပြီး ဆင်စခန်းဝင်းအတွင်းရှိ ကလေးကစားကွင်းတွင် ဆင်လေ့လာသူ၊ ကလေးကစားကွင်း ကစားသူ၊ ဧရာဝတီမြစ်ကမ်းဘေး ဓာတ်ပုံရိုက်သူ၊ ဆင်းများ၏ ကိုယ်ရေးရာဇဝင် ဆိုင်းဘုတ်ဖတ်သူ၊ ဆင်အရိုးစုပြတိုက် လေ့လာသူများဖြင့် ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်း စည်ကားခဲ့ကြောင်း၊ စွယ်စုံဆင်ထီးလေး စွဲကျော်လေးနှင့် ဘောလုံးကစားခြင်း၊ စွယ်စုံဆင်ထီးလေး အောင်တင်ဇော်တို့၏ ပုဂံထီးဆောင်း ပြကွက်များမှာ နှစ်သစ်ကူးရုံးပိတ်ရက် ပလင်းဆင်စခန်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ သဘောကြနှစ်ခြိုက်စေကာ ဆင်များအတွက်  ဆင်ဆရာဝန်ထားရှိပေးခြင်း၊ ခရီးသွားများ နားနေနိုင်ရန် ရှည်တံရှည်တဲများ ဆောက်လုပ်ပေးထားခြင်း၊ သစ်ပင်များတွင် ပုဂံဒေသထွက် ရိုးရာအရုပ်များ ချိတ်ဆွဲပေးထားခြင်းများက ဆင်စခန်းလာ ခရီးသွား ဘုရားဖူးဧည့်သည်များအား ပို၍စိတ်ချမ်းသာစေကြောင်း သိရသည်။

 

ကိုထိန်(ငါ့သရောက်)