ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု အကြိမ်(၃၀၀)ရှိလာ

ညောင်ဦး  ဒီဇင်ဘာ  ၂၀

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး အ‌နောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာထံက သိရသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဆင်စာဘူဖေးကျွေးသူများပြားလာကာ အကြိမ် (၃၀၀)ကျော်အထိ ဆင်စာဘူဖေးကျွးမှု များပြားလာပြီး နောက်ထပ်ကျွေးမွေးဖို့ Online မှလည်း ကြိုတင်ချိတ်ဆက်မှုများလည်း ရှိနေသေးကြောင်း ဆင်စခန်းမှ သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာက ပြောသည်။

 

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိ ဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးကြကာ ရာသီပေါ်သီနှံများအား ကျွေးမွေးကြသည်။ ဆင်စာဘူဖေး တစ်ခါကျွေးလျှင် ငွေကျပ် သုံးသောင်းမှ ငါးသောင်းအထိ လှူဒါန်းကြကာ တနေ့စာ ဆင်ခုနစ်ကောင်အတွက် ကျပ် တစ်သိန်း လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ပလင်းကမ်းသာယာ ဆင်စခန်းဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်း Page များမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး ပလင်းကမ်းသာယာဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဖုန်း ၀၉-၇၉၃၈၂၀၅၃၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြာင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာဘူဖေးကျွးမှု အကြိမ် (၃၀၀)ကျော်ခဲ့ပြီဖြစ်ကြောင်း၊ မြို့အခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့်ဆင်စခန်းများ ကိုဗစ်-၁၉ ကာလ ဆင်စာခက်ခဲလျက်ရှိကာ တောတောင်၊ ရေမြေ သဘာဝအခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိဆင်များအတွက် အစာရေစာမခက်ခဲကြောင်း၊ ၂၀၂၁ ခုနှစ်၊ မေ ၂၅ ရက်မှစတင်၍ ပလင်းကမ်းသာယာဆင်စခန်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ကိုထိန်(KPD)