ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချစို့

၅   ဇွန်

ယနေ့(ဇွန် ၅ရက်နေ့)သည် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပနေကျ “ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ” (World Environment Day) ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ကို ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) က ''Beat Plastic Pollution”  ဟု သတ်မှတ်ပေးထားရာ မြန်မာဘာသာအားဖြင့်လည်း “တို့ပတ်ဝန်းကျင်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့၊ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချကြပါစို့” ဟူ၍ ဖွင့်ဆိုထားသည်။ ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဦးတည်ချက်မှာ ကမ္ဘာတစ်ဝန်း ပလတ်စတစ်ကြောင့် ညစ်ညမ်းမှုများကိုလျှော့ချရန် ရည်ရွယ်ချက်ထားရှိသည်။

 

ပလတ်စတစ်ကို လူတို့အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၅၀ခန့်ရှိခဲ့ပြီ ဖြစ်သည်။ သည့်ထက်စောသည့် ကာလများကတည်းက တီထွင်ခဲ့ခြင်း ဖြစ်သော်လည်း လူထုအကြား တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြသည်မှာ ၁၉၆၀ ပြည့်လွန်ကာလများတွင် ဖြစ်သည်။ နည်းပညာမြင့်မား တိုးတက်လာသည်နှင့်အမျှ လူတိုင်း၏နေ့စဉ်ဘဝနေထိုင်မှုတွင် ပလတ်စတစ်ကတစ်ခု မဟုတ်တစ်ခုတွင် ပါဝင်နေပြီး အလွယ်တကူသုံးစွဲ၊ အလွယ်တကူစွန့်ပစ်သည့် အလေ့အထများကြောင့် ပလတ်စတစ် ညစ်ညမ်းမှု (Plastic Pollution) ဖြစ်လာသည်။ ရေသန့်ဘူးများ၊ ကြွပ်ကြွပ်အိတ်များ၊ ငါးဖမ်းပိုက်များ၊ လူသုံးပစ္စည်း အိမ်သုံးပစ္စည်း အဟောင်းအမြင်းများ အပါအဝင် ပလတ်စတစ် အမှိုက်များစွာတို့က မြို့ရွာများ၏ အနီးတစ်ဝိုက်၊ အဝေးပြေးကားလမ်း၊ ရထားလမ်းများ၏နံဘေး၊ မြစ်ချောင်းအင်းအိုင်များ၏ ရေမျက်နှာ ပြင်များပေါ်၊ ရေလှောင်ကန်များ၊ ဆည်တမံများထဲမှာ၊ သစ်တောဥယျာဉ်များ၊ အပန်းဖြေကမ်းခြေများမှသည် ပင်လယ်သမုဒ္ဒရာများထဲအထိ ရောက်ရှိနေပြီဖြစ်သည်။ ပလတ်စတစ်ညစ်ညမ်းမှုက မြေပြင်ပေါ်မှာရော ရေထဲမှာပါဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။ စွန့်ပစ်ပလတ်စတစ်များကြောင့် မြေဆီလွှာပျက်စီးခြင်း၊ ရေအရည်အသွေးကျဆင်းခြင်း၊ အပင်များပေါက် ရောက်ရှင်သန်မှုနှင့် သားငှက်တိရစ္ဆာန်များ၊ ကုန်းနေရေနေသတ္တဝါများ၏ ရှင်သန်မှုများတွင်ပါ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်လာသည်။ 

 

လူသားတို့နေ့စဉ်အသုံးပြုနေသည့် ပလတ်စတစ်ပစ္စည်းများ၏ ထက်ဝက်မှာ တစ်ခါသုံးများဖြစ်ကြသည်။ အထူးသဖြင့် ရေသန့်ဘူးများနှင့် ဈေးဝယ်အိတ်များ ဖြစ်ကြသည်။ စွန့်ပစ်ပလတ်စတစ်များမှာ နေ၊ ရေနှင့် ပတ်ဝန်းကျင် ရာသီဥတု အခြေအနေများကြောင့် မျက်နှာပြင်များ ကြွပ်ဆတ်လာပြီး မိုက်ခရို အပိုင်းအစကလေးများအဖြစ် ပြိုကွဲသွားကာ ရေလှိုင်းနှင့် လေတိုက်ခတ်မှုတို့ကြောင့် ပျံ့နှံ့မျောပါသွားကြသည်။ ယင်း ဖြစ်စဉ် ဖြစ်ပေါ်ရန်အတွက် အချိန်ကာလမှာ များစွာကြာမြင့်သည်။ ပင်လယ်၊ သမုဒ္ဒရာများထဲသို့ မျောပါနေသော ပလတ်စတစ် အပိုင်းအစ အမှုန်အမွှားများစွာတို့ကို ရေနေသတ္တဝါကြီးငယ်တို့က အစာအမှတ်ဖြင့် စားသောက်ကြသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်းတောင်ပိုင်းတွင် ဝေလငါးတစ်ကောင် ပလတ်စတစ်အိတ်များစားမိ၍ သေဆုံးသွားသော သတင်းတစ်ပုဒ်ကို တွေ့ရသည်။ ရေသတ္တဝါတို့၏ အစာကွင်းဆက်စနစ်ကို ပလတ်စတစ်ကြောင့် အနှောင့်အယှက်ဖြစ်ရခြင်းဟု ဆိုရမည်။

 

ရေတွင်စွန့်ပစ်သည်ဖြစ်စေ၊ မြေတွင်စွန့်ပစ်သည်ဖြစ်စေ ပလတ်စတစ် ညစ်ညမ်းမှုက ရေရှည်ဆိုးကျိုးကို သက်ရောက်စေမည် ဖြစ်သည်။ ပလတ်စတစ် သုံးစွဲမှုလျှော့ချခြင်း၊ ထုတ်လုပ်မှုကန့်သတ်ခြင်း၊ ပြန်လည်အသုံးပြုခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း တို့အပြင် ပလတ်စတစ်ကို ပျက်စီးလွယ်စေသော အမျိုးအစားများအဖြစ် ထုတ်လုပ်ခြင်း၊ နည်းပညာအသုံးပြု၍ စွန့်ပစ်ပလတ်စတစ်များကို လျင်မြန်စွာဆွေးမြည့်ကျေပျက်စေခြင်း နည်းလမ်းများကိုအသုံးပြုကာ ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရန် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် ကြိုးပမ်းနေကြပြီဖြစ်သည်။ မိမိတို့နိုင်ငံ အနေဖြင့်လည်း မြို့ရွာများနှင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စွန့်ပစ်အမှိုက်များကြောင့် ပြည်သူတို့၏ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ထိခိုက်ယိုယွင်းမှုများ ကာကွယ်တားဆီးနိုင်ရေး တို့အတွက် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲရေးကို စနစ်တကျနှင့် ထိရောက်စွာ ဆောင်ရွက်ရေးတွင် ပြည်သူလူထု၏ အသိစိတ်ဓာတ်ရှိရှိဖြင့် ပူးပေါင်းပါဝင်မှုကို ရယူကာ ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။


(မြန်မာ့အလင်း)