ပွင့်ဖြူ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် သာယာစိမ်းလန်း စိုပြည်စေရန်နှင့် ရာသီဥတု ဂေဟစနစ်များ ကောင်းမွန်စေရန် ရည်ရွယ်ကျင်းပသည့် မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပွင့်ဖြူမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းအိဖြူက အဖွင့် အမှာစကား ပြောကြားပြီး ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်ဦးက သဘာဝပတ်ဝန်းကျင် သာယာစိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတုဂေဟစနစ်များ မျှတကောင်းမွန်စေရန်အတွက် ကြိုတင်ကာကွယ်ထိန်းသိမ်း ရမည့် သစ်တောများမပြုန်းတီးအောင် ကာကွယ်စောင့်ရှောက်ရေး၊ သယံဇာတများမပျောက်ပျက်အောင် ကာကွယ် ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးအတွက် သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆွေးနွေး ဟောပြောသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်း ရေးဆိုင်ရာ ဆွေးနွေးဟောပြောသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စွာမြင့်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး ကျောင်းစာကြည့်တိုက်အတွက် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ သိမှတ်ဖွယ်ရာများပါဝင်သည့် “သစ်တောကြေးမုံ”စာအုပ်အားပေးအပ်လှူဒါန်းသည်။ အဆိုပါဆွေးနွေးဟောပြောပွဲသို့ ပွင့်ဖြူမြို့အခြေခံပညာ အထက်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းအိဖြူနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၇၂)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )