ပွင့်ဖြူ ဇန်နဝါရီ ၂၀

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ လာမည့်နွေသီးနှံစိုက်ပျိုးရာသီတွင် အရည်အသွေးမြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရေသွင်းနှမ်း ၃၃၃၁ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း (FFA) တာဝန်ရှိသူထံမှ သိရသည်။

 

“လာမယ့် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ရေသွင်းနှမ်း ၃၃၃၁ ဧက စိုက်ပျိုးဆောင်ရွက်သွားဖို့ ရှိပါတယ်။ တောင်သူတွေနဲ့ ကန်ထရိုက်လယ်ယာစနစ် အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် ကုမ္ပဏီက Green Growth Generation (GGG) ကုမ္ပဏီ ဖြစ်ပါတယ်။ လက်ရှိမှာ ကန်ထရိုက်လယ်ယာစနစ်နဲ့ ရေသွင်းနှမ်းစိုက်ပျိုးဆောင်ရွက်မယ့် ကျေးရွာ ၁၉ ရွာမှ ဒေသခံတောင်သူတွေကို တွေ့ဆုံပြီး ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းအစီအစဉ်တွေကို ချပြရှင်းလင်းဆွေးနွေးပြီးဖြစ်ပါတယ်။ ရေသွင်းနှမ်းစိုက်ပျိုးရာတွင် မျိုးစေ့ထုတ်စိုက်ကွက် ၁၅၅ ဧကနဲ့ ရိုးရိုးစိုက်ကွက် ၃၁၇၆ ဧက စုစုပေါင်း ၃၃၃၁ ဧက စိုက်ပျိုးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်တောင်သူ အကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။

 

ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း (FFA) က မြို့နယ်အတွင်း သီးနှံစိုက်ပျိုး စွမ်းအားတိုးတက်စေရေး၊ အရည်အသွေးမြင့် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများတွင် ထုတ်လုပ်သူရော စားသုံးသူပါ အစားအစာဘေးကင်းလုံခြုံရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန် မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး စသည့် တောင်သူအကျိုးပြု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးကုမ္ပဏီများနှင့် ချိတ်ဆက်၍ ဒေသတွင်းရှိ တောင်သူများကို သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိစေရန် ကန်ထရိုက်လယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုးခြင်း၊ စိုက်ပျိုးသီးနှံများပေါ်ချိန်တွင် တောင်သူများအတွက် သင့်တင့်မျှတသော သီးနှံဈေးနှုန်းများ ရရှိစေရေးအတွက် တောင်သူစုပေါင်းသီးနှံ ရောင်းချပွဲများ ကျင်းပပေးခြင်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)