ပွင့်ဖြူ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ပဲကြီးသီးနှံ ၉၈၁ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲကြီးသီးနှံ ၉၈၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ ပဲကြီးသီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ဇန်နဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲကြီးသီးနှံစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး ၊ စိုက်ပျိုးရေ စနစ်တကျသုံးစွဲရေး ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝမြေဩဇာ၊ သဘာဝပိုးသတ် ဆေးပြုလုပ်သုံးစွဲရေး စသည့် တောင်သူပညာပေးလုပ်ငန်းများအပြင် သီးနှံရိတ်သိမ်းခြွေလှေ့ချိန်တွင်လည်း အထွက်နှုန်း လျော့နည်းမှုမရှိစေရေးအတွက် အချိန်မီ သီးနှံရိတ်သိမ်းခြွေလှေ့နည်းပညာနှင့် ရိတ်သိမ်းပြီး သီးနှံများ အရည်အသွေးကောင်းမွန်စေရန် အမိုးအကာများအောက်တွင် စနစ်တကျ ထားသိုသိမ်းဆည်းနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပဲကြီးသီးနှံကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးခြင်းနှင့် အထွက်နှုန်းများ တိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းစားရေရိက္ခာ ဖူလုံစေမည့်အပြင် ပိုလျှံသည်များကို ရောင်းချနိုင်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)