ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ချေးငွေ ယူရိုသန်း ၇၀ ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေး

နေပြည်တော်   ၁၉  နိုဝင်ဘာ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ချေးငွေ ယူရိုသန်း ၇၀ ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၉)ဦး ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို က ယခု စီမံကိန်းလုပ်ငန်းများသည် စီးပွားရေး အကျိုးအမြတ်အတွက် ရင်းနှီးမြှုပ်နှံရန် မဟုတ်ဘဲ ရန်ကုန်မြို့ အဆင့်မြှင့်တင်ရေး၊ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်ရေးနှင့် ရန်ကုန်မြို့နေ ပြည်သူများ၏ အကျိုးအတွက် နိုင်ငံတကာအဆင့်မီ မြို့တော်ဖြစ်ရေးကို ရည်ရွယ်ဆောင်ရွက်မည့် လုပ်ငန်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း။

 

စီမံကိန်းလုပ်ငန်း တစ်ခုအတွက်  သုံးစွဲကုန်ကျမှုနှင့် အကျိုးအမြတ် ပြန်လည်ရရှိနိုင်မှု၊ နိုင်ငံနှင့် ပြည်သူအကျိုးကို အထောက်အကူပြုနိုင်မှု၊ နိုင်ငံသူနိုင်ငံသားများ ကြုံတွေ့နေရသည့် အလုပ်လက်မဲ့ ပြဿနာနှင့် ဆင်းရဲမှုလျော့ချရေး ပြဿနာများကို အထောက်အကူပြုနိုင်မည့် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးပြီး ဆောင်ရွက်သင့်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

 

လှည်းကူးမဲဆန္ဒနယ်မှ ဦးသိန်းတန်က ယခုချေးငွေနှင့် ဆောင်ရွက်မည့် မဟာဗျူဟာစီမံကိန်းတွင် အများပြည်သူသုံး ကမ်းနံဘေးစြင်္ကံလမ်းများ၊ အဆင့်မြင့်ဈေးများ၊ ကုန်းလမ်း၊ ရေလမ်းချိတ်ဆက်မည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ စိတ်ချလုံခြုံသော ရေကြောင်းသွားလာမှုစနစ်များ၊ မြို့ပြယာဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး စသည့် လုပ်ငန်းများ ပါဝင်ပါကြောင်း၊ သို့သော် စီမံကိန်းတွင် ငမိုးရိပ်ချောင်း ၄ ပုံ ၃ ပုံ ကျော် ဖြတ်သန်းစီးဆင်းသွားသည့် ချောင်းနံဘေးရှိ ကျေးရွာများ၏  ဖွံ့ဖြိုးမှုလုပ်ငန်းများ မပါဝင်ကြောင်း၊ ငမိုးရိပ်ချောင်း မျက်နှာစာရှိ အချို့သော ကျေးရွာများ၏ ဖွံ့ဖြိုးမှုလုပ်ငန်းများကို စံနမူနာပြအဖြစ် စီမံကိန်း၏  အစိတ်အပိုင်း တစ်ခုအနေဖြင့်  ဆောင်ရွက်ရန် အကြံပြုလိုပါကြောင်း။

 

ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်း မျက်နှာစာတို့တွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းနှင့်အတူ  ငမိုးရိပ်ချောင်း နံဘေးရှိ အချို့သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စံနမူနာပြအဖြစ် တပါတည်း ဆောင်ရွက်စေလိုကြောင်း အကြံပြု ဆွေးနွေးသည်။

 

ဒေါပုံမဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင် (ခေါ်) ဦးပြုံးချိုက ချေးငွေနှင့် ဆောင်ရွက်မည့် ဖွံ့ဖြိုးမှုစီမံကိန်း ရည်ရွယ်ချက် ဖြစ်သည့် ရေစီးရေလာ ကောင်းမွန်ရေး၊ ရေကြောင်းသွားလာမှု လုံခြုံစိတ်ချရေး၊ ကမ်းပြိုနှင့် ကမ်းစားမှု ကာကွယ်ပြီး ဒေသခံ ပြည်သူလူထု၏  အသက်အိုးအိမ်စည်းစိမ် လုံခြုံစေရေး၊ ကမ်းပတ်စြင်္ကံလမ်းများနှင့် အများပြည်သူသုံး အပန်းဖြေနေရာသစ်များ ပေါ်ထွန်းရေးတို့အတွက် ချောင်းကမ်းပါး ထိန်းသိမ်းစစ်ဆေးမှုများနှင့် မြစ်ထွက်ပေါက်များ ပြန်လည်ရှင်းလင်း ကောင်းမွန်ရေးများကို တစ်ပါတည်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

 

ထို့ပြင် ရန်ကုန်မြို့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လေ့လာဆန်းစစ်မှုလုပ်ငန်း နေရာများနှင့် ဆက်စပ်နေသော ပြည်သူများအား အသိပညာပေးရှင်းပြမှုများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

 

ယင်းချေးငွေကိစ္စနှင့် စပ်လျဉ်း၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဦးနေကျော်၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာခင်မောင်မောင်၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်နှင့် အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်တို့က ထောက်ခံအကြံပြု ဆွေးနွေးကြသည်။

 

ပြည်ထောင်စုလွှတ်တော်နာယက က ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ချေးငွေ ယူရို သန်း ၇၀ ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားရန် လျာထားကြောင်း ကြေညာသည်။

 

မွှေးကြူဇင် (သတင်းစဉ်)