ပြည်ပတွင် အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရန်မှာကြား

နေပြည်တော် မေ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ ပြည်ပအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းအတွေ့အကြုံများ ပြန်လည်ရှင်းလင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး  က စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်များအနေဖြင့် ပညာရပ်အသီးသီး၏ အတွေ့အကြုံနှင့် ပညာရပ်ဗဟုသုတများ ပြန်လည်မျှဝေခြင်းဖြင့် မိမိတို့ကိုယ်တိုင်သာမက လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အထောက်အကူပြုနိုင်ကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဗဟုသုတများပြန့်ပွားစေခြင်းနှင့် နည်းပညာအသစ်များအား မျှဝေ အသုံးပြုနိုင်စေရေး ဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာစေရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါအတွေ့အကြုံရှင်းလင်းပွဲတွင် ဗီယက်နမ်နိုင်ငံ၌ ၂၀၂၃ခုနှစ်အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက် အထိ ကျင်းပခဲ့သည့် နည်းပညာဖလှယ်ရေးညီလာခံနှင့် အာဖရိက ဝက်တုပ်ကွေး ကာကွယ်ဆေး မိတ်ဆက်ခြင်း တိုက်ရိုက်ထုတ်လွှင့်ပွဲ အခမ်းအနား၊ အိန္ဒိယ သမ္မတနိုင်ငံ၊ ကော်လ်ကတ္တားမြို့တွင် ၂၀၂၃ခုနှစ်ဒီဇင်ဘာ ၆ရက် မှ ၁၉ ရက် အထိ ဖွင့်လှစ်ခဲ့သည့် ရေရှည်တည်တံ့သောရေလုပ်ငန်းနှင့် မွေးမြူရေးဆိုင်ရာသင်တန်း၊ ထိုင်းနိုင်ငံတွင် ၂၀၂၄ခုနှစ်မတ် ၂၀ရက် မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် အရှေ့တောင် အာရှဒေသတွင် တရားမဝင် ငါးဖမ်းဆီးမှု တိုက်ဖျက်နိုင်ရန်အတွက် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာစေရေးနှင့် နိုင်ငံအဆင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းအပြီးသတ် အလုပ်ရုံဆွေးနွေးပွဲနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၁ ရက် မှ ၃၁ အထိ ကျင်းပခဲ့သည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ထုတ်လုပ်မှု နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲ အတွေ့အကြုံများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ကိုယ်စားလှယ်များနှင့် ပညာတော်သင် အမှုထမ်း၊ အရာထမ်းများက ရှင်းလင်းတင်ပြကြရာ ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တက်ရောက်လာကြသူများက ဝိုင်း၀န်းဆွေးနွေးသုံးသပ်ခဲ့ကြပြီး ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ တောင်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် မိမိနိုင်ငံနှင့် လိုက်လျောညီထွေမည့် နည်းပညာများကို တောင်သူများထံသို့ ပြန်လည်ဆင့်ပွားပညာပေးရန် ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်