ပြည်သူ့အဆုံးအဖြတ်မှ ပြည်သူ့အစိုးရဆီသို့

မြန်မာနိုင်ငံ၏ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲများ ကျင်းပပြီးစီးခဲ့ပြီးနောက် မဲများစတင်ရေတွက်နေပြီ။ အချို့သော မဲဆန္ဒနယ်တို့ရှိ မဲအနည်းအများ၊ အနိုင်အရှုံး စာရင်းများကိုလည်း ရွေးကောက်ပွဲကော်မရှင်က စတင်ကြေညာနေပြီ ဖြစ်သည်။

အများပြည်သူတို့အကြား၌ နေရာအများစုတွင် မည်သူအနိုင် ရမလဲ၊ မည်သည့် နိုင်ငံရေးပါတီက လွှတ်တော်များကို ဦးဆောင် ဦးရွက်ပြုမလဲ၊ မည်သူတွေက ဒုတိယသမ္မတများ ဖြစ်လာကာ မည်သူက နိုင်ငံတော်သမ္မတ ဖြစ်လာမလဲ၊ မည်သည့်ဝန်ကြီးများဖြင့် အစိုးရအဖွဲ့ဖွဲ့မလဲ၊ တိုင်းဒေသကြီးများတွင် မည်သူတွေက ဝန်ကြီးချုပ်များဖြစ်လာမလဲအစရှိသည့်တွက်ဆမှုများ၊ ခန့်မှန်းမှုများ၊ သိလိုစိတ်များဖြင့် မေးခွန်းတို့ လှိုင်းထနေပြီ ဖြစ်ပေသည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော နိုင်ငံရေး ပါတီများထဲမှ အနိုင်ရရန်သေချာနေသည့် ပါတီများကလည်း ထိုမေးခွန်းများကိုဖြေဆိုရန်ပြင်ဆင်ရေးဆွဲညှိနှိုင်းနေကြပေမည်။ အနိုင်မရသည့် နိုင်ငံရေးပါတီများ၏ ခေါင်းဆောင်များသည်လည်း သိလိုနေကြပေမည်။

နိုင်ငံရေးခေါင်းဆောင်များသည် နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ရွေးကောက်ပွဲရလဒ်များကို လက်ခံကြရန် အသင့်ဖြစ်နေလောက်ပြီ။ ရွေးကောက်ပွဲတွင်ရှုံးနိမ့်ပြီဟု သေချာနေသည့် အချို့ သော နိုင်ငံရေးခေါင်းဆောင်တို့က မဲပေးသည့် ပြည်သူလူထုကို ကျေးဇူးတင်ရင်း၊ အနိုင်ရသည့် ပြည်သူ့ကိုယ်စားလှယ်များကို ဂုဏ်ပြုခြင်းဖြင့် မိမိတို့၏ နိုင်ငံရေးယဉ်ကျေးမှုအဆင့်အတန်း မြင့်မားမှုကို ဖော်ပြကြကုန်သည်။

အလွန် ယဉ်ကျေးဖွယ်ရာသော နိုင်ငံရေးသမားများအဖြစ် လူထု၏အဆုံးအဖြတ်ကို ကျေကျေနပ်နပ်လက်ခံကြသည်မှာ အနာဂတ်နိုင်ငံရေးအတွက် အားတက်စရာအဖြစ် ပြည်သူတို့က ရှုမြင်နေကြသည်။ နိုင်ငံရေးသမားများအဖို့ ရွေးကောက်ပွဲသည် ပန်းတိုင်မဟုတ်။ ဆက်လက်လျှောက်လှမ်းရမည့် နိုင်ငံရေး ခရီးလမ်းအတွက် အဆင့်တစ်ခုသာဖြစ်၏။ ပြည်သူ့အဆုံးအဖြတ်ကို လေးစားသည့် ပြည်သူလူထုကို ယုံကြည်သည့် နိုင်ငံရေးသမားတို့သည် မဲမရခဲ့သည့်တိုင် ပြည်သူလူထု၏ မေတ္တာကိုဖြင့် ရကြမည်သာ။

ဤသည်ပင် ဒီမိုကရေစီစနစ် နိုင်ငံရေး၏ ကျက်သရေရှိမှု ဖြစ်ပါသည်။ ပြည်သူလူထုသည် မိမိတို့၏ဘဝများကို ပုံပေးရမည့် အဆုံးအဖြတ်အဖြစ် ရွေးကောက်ပွဲကို သဘောထားပါသည်။ ရွေးကောက်ပွဲသည် ထီထိုးခြင်းမဟုတ်ဟုသဘောထား၏။ အထူးသဖြင့် ရှားရှားပါးပါး ခုမှရခါစ အခွင့်အရေးအဖြစ် ရွေးကောက်ပွဲများကို ရှုမြင်ကြ၏။

ဤအခွင့်အရေးကို မဖြစ်မနေယူမည်၊ မဲရုံများဆီသို့ မရောက် ရောက်အောင်သွားမည်၊ မရရအောင် မဲပေးမည်၊ စိတ်ထား မွန်မြတ်စွာ မျှတသန့်ရှင်းသော ရွေးကောက်ပွဲဖြစ်အောင် ဝိုင်းဝန်းမည်၊ မိမိတို့ ယုံကြည်သူကို မဲပေးမည်၊ မမှားအောင်ပေးမည်။ လူမမှားစေရ။ ပါတီမမှားစေရ။ တံဆိပ်မမှားစေရ။

ယင်းသည် အသည်းနှလုံးထဲမှလာသည့် ခံစားချက်နှင့် မိမိဘဝအတွက် ဘာအကောင်းဆုံးဖြစ်မလဲဟူသော တွေးတော စဉ်းစားချက်တို့ကိုပေါင်းစပ်သည့် ယုံကြည်ချက်ကို အခြေခံကာရွေးချယ်မဲပေးခြင်းဖြစ်၏။ ပြည်သူလူထုသည် ဘဝနှင့်ရင်း၍ စဉ်းစားရွေးချယ်ကာ မဲပေးကြခြင်းဖြစ်သည်။ ပြည်သူလူထု၏ အဆုံးအဖြတ်ကို ဂုဏ်ပြုကျေးဇူးတင်ကာ အလေးအနက်ထားကြခြင်းဖြင့် နိုင်ငံရေး ခေါင်းဆောင်တို့သည် မိမိတို့၏ နိုင်ငံရေးရေချိန်မြင့်ကြောင်း၊ နိုင်ငံရေးယဉ်ကျေးမှုမြင့်ကြောင်းကို ဖော်ပြနေကြသည်။

ပြည်သူလူထု၏ ရွေးကောက်ပွဲ အဆုံးအဖြတ်သည် အတည် ဖြစ်၏။ ပြည်သူလူထု၏ နိုင်ငံရေးအဆုံးအဖြတ်သည် ခမ်းနား ကြီးကျယ်၏။ ပြည်သူလူထုသည် သမိုင်းကို ဖန်တီးရေးသားသူ များဖြစ်၏။ ပြည်သူလူထုသည်နိုင်ငံ၏အနာဂတ်ကို အဆုံးအဖြတ်ပေးမည့်သူများဖြစ်၏။ 

ယခု ရွေးကောက်ပွဲ၏ ရလဒ်အတိုင်း လွှတ်တော်များနှင့် အစိုးရအဖွဲ့ ဖွဲ့စည်းတာဝန်ယူကာငြိမ်းချမ်းသာယာတိုးတက်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံး တည်ဆောက်နိုင် ပါစေသတည်း။ 

မြန်မာ့အလင်း