ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် EuroCham Myanmar အဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူး Mr. Marc de la Fouchardiere အားလက်ခံတွေ့ဆုံ

နေပြည်တော် ၅ နိုဝင်ဘာ  

 

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် EuroCham Myanmar အဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူး Mr. Marc de la Fouchardiere ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် EuroCham Myanmar အဖွဲ့အနေဖြင့် တရားမဝင် ကုန်စည်ကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများအား လွှတ်တော်သို့ တင်ပြသွားနိုင်ရေး၊ ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသော ဥပဒေပြုများ ရေးဆွဲပြဋ္ဌာန်းရာတွင် ပါဝင်ဆွေးနွေးခွင့် ရရှိရေး၊ စားသုံးသူအခွင့်အရေး ကာကွယ်ရေးဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌဦးခင်အေး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကော်မတီအတွင်း ရေးမှူးများဖြစ်ကြသည့် ဦးကျော်စိုးလင်း၊ ဦးခင်မောင်စိုး၊ ဒေါက်တာမြတ်ဉာဏစိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။  

 

(သတင်းစဉ်)