ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၊ တိုင်းရင်းသားရေးရာကော်မတီဒုတိယဥက္ကဋ္ဌ H.E.Mr.TondrubWangben အား တွေ့ဆုံဆွေးနွေး

နေပြည်တော် ၂၇  နိုဝင်ဘာ  
 
 
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ် ဌဦးထွန်းထွန်းဟိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၊ တိုင်းရင်းသားရေးရာကော်မတီဒုတိယဥက္ကဋ္ဌ H.E.Mr.Tondrub Wangben နှင့်အဖွဲ့အား ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိလွှတ်တော် အဆောက်အအုံ၊ သဘင်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံသည်။
 
 
 
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ အတွင်းရေးမှူးဦးအင်ထုံးခါးနော်ဆမ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ 
 
 
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က တရုတ်- မြန်မာနှစ်နိုင်ငံ အကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မိမိတို့ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလုပ်ငန်းများတွင် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ငြိမ်းအေးချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးပါကြောင်း။
 
 
မိမိတို့လွှတ်တော်နှင့် အစိုးရအနေဖြင့်လည်း တိုင်းရင်းသားများအခွင့်အရေး ကာကွယ် စောင့်ရှောက် ရေးဆိုင်ရာဥပဒေများနှင့် တိုင်းရင်းသားများအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကိုဖွဲ့စည်းထားရှိပြီး တိုင်းရင်းသားများ၏ တန်းတူညီမျှရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူမိမိတို့နိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးဆိုင်ရာ လုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံအားပေးကူညီဆောင်ရွက်သွားမည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကဏ္ဍများတွင် ပိုမိုထိရောက်မြန်ဆန်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 
 
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၊ တိုင်းရင်းသားရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌက တရုတ်- မြန်မာနှစ်နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိကြသည့် နိုင်ငံများဖြစ်သည့်အားလျော်စွာနိုင်ငံရေးသမိုင်းကြောင်း ဖြစ်စဉ်များလည်း များစွာတူညီပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ သို့ဖြစ်ရာတရုတ်နိုင်ငံ အနေဖြင့်လည်း တိုင်းရင်းသားများ၏ အခွင့်အရေး၊ တန်းတူညီမျှရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အလေးထား ဆောင်ရွက်ခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် စည်းလုံးညီညွတ် ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေသည့်အတွက် အတွေ့အကြုံနှင့် အကူအညီများကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 
 
 
(သတင်းစဉ်)