ပြည်သူများ၏ လူမှုစီးပွားဘ၀နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

တွေ့ဆုံမေးမြန်း - သီသီမင်း၊ ဓာတ်ပုံ-လှမျိုးအောင်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူမှု၊ စီးပွား၊ ဘ၀ ဖွံ့ဖြိုးတိုးတက်လာစေရန် စိုက်ပျိုးရေး နည်းစနစ်များ တိုးတက်မြင့်မားလာစေရေး၊ စက်မှုဇုန်များ ပေါ်ထွန်းလာစေရေး၊ လျှပ်စစ်မီးရရှိရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် တစ်ဦးချင်းဝင်ငွေများ တိုးတက်ရရှိလာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာ စေရေးအတွက် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဒေသဖွံ့ဖြိုးရေးအတွက် ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ပြည်သူများအတွက် ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက် ပါသည် -

 

မေး ။ ။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီး သိပါရစေရှင့်။

 

ဖြေ ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာမြို့နယ်ပေါင်း ၂၆ မြို့နယ်၊ မြို့ ၁၉မြို့နဲ့ ရပ်ကွက် ကျေးရွာအုပ်စုပေါင်း ၁၁၈၆၀ ရှိပြီး လူဦးရေ ၆၃ သိန်းကျော် နေထိုင်လျက် ရှိပါတယ်။ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးကဏ္ဍအနေနဲ့ ပြည်သူလူထုလိုလားတဲ့ အုပ်ချုပ်ရေးဝန်ထမ်း ကောင်းတွေ ဖြစ်ပေါ်လာစေဖို့အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ ရာအိမ်မှူးတွေအတွက် သင်တန်းတွေကို တစ်တိုင်းလုံးနီးပါး ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။

 

လူထုတွေ့ဆုံပွဲတွေအနေနဲ့ မြို့နယ်တွေ မှာ အုပ်ချုပ်မှု ပိုမိုကောင်းမွန်ဖို့ ဆောင်ရွက်ခဲ့တဲ့ အပြင် မြို့နဲ့လက်လှမ်းမမီတဲ့ နေရာတွေကို မြို့နယ်အဆင့် လူထုတွေ့ဆုံပွဲတွေပြုလုပ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်တဲ့ ဌာနဆိုင်ရာတွေက တစ်လလျှင် နှစ်ကြိမ် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ပြည်သူတွေရဲ့ တင်ပြ ချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးတဲ့အပြင် Mobile Service Delivery အနေနဲ့ ပြည်သူ တွေကို ဝန်ဆောင်မှုပေးရာမှာ နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း တစ်သန်းကျော်ကို ထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပြည်သူတွေ အေးချမ်းစွာနေနိုင်ဖို့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့အပြင် တရားမဝင် ဝင်ရောက်လာသူပေါင်း ၁၉၆ ဦးကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

မေး ။ ။ တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူတွေ လူမှု၊ စီးပွား၊ ဘ၀ ဖွံ့ဖြိုးရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကနေ စီမံကိန်းချမှတ် ဆောင်ရွက်နေမှုကို ရှင်းပြပေးပါဦးရှင့်။

 

ဖြေ ။ ။ လူတစ်ဦးရဲ့ ပျမ်းမျှထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး ၂၁ သိန်းကျော် ရရှိဖို့ မျှော်မှန်းချက်ထားပြီး ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်အထိ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

 

ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့် အလမ်းရရှိဖို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာမှာ ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်မှာ Pathein Industrial City ကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက် လျက်ရှိပါတယ်။ မအူပင်မြို့နယ်မှာ Maubin Industrial Park ကို အထည်ချုပ်စက်ရုံနဲ့ ဖိနပ်စက်ရုံတွေ ဝင်ရောက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။

 

မေး ။ ။ စိုက်ပျိုးရေးကို အခြေခံတဲ့ တိုင်းဒေသကြီး ဖြစ်တဲ့အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်နေမှုတွေကို သိပါရစေရှင့်။

 

ဖြေ ။ ။ စိုက်ပျိုးရေးကဏ္ဍအနေနဲ့ တင်ပြရမယ်ဆိုရင် မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်အဖြစ် သစ်စိမ်း မြေဩဇာလို့ခေါ်တဲ့ ပိုက်ဆံလျှော်ကို ခရိုင် ပေါင်း ၆ ခရိုင်ရှိ လယ်မြေဧက ၉၉၃ ဧကမှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုပိုက်ဆံလျှော်ကို အသုံးပြုတဲ့အတွက် တစ်ဧကကို အထွက်နှုန်း ၃ ဒသမ ၆ တင်း ကနေပြီး ၈ ဒသမ ၃ တင်း အထိ ပိုမိုထွက်ရှိကြောင်းကို ပြသနိုင်ခဲ့ပါတယ်။

 

၂၀၁၉ ခုနှစ် ဆောင်းရာသီမှာ ပိုက်ဆံလျှော် မျိုးစိတ်ထုတ်ဧက ၃၉၀ ကို စိုက်ပျိုးခဲ့ပြီး ပိုက်ဆံလျှော်မျိုးစေ့ တင်းပေါင်း ၃၉၀ ဒသမ ၅၀ ကို စိုက်ပျိုးခဲ့၍ ပိုက်ဆံလျှော်မျိုးစေ့ တင်း ပေါင်း ၃၉၅၀ ထွက်ရှိနိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ ၂၀၂၀ ပြည့်နှစ် မိုးရာသီမှာ ဧကပေါင်း ၁၆၀၀၀ ခန့်ကို သစ်စိမ်းမြေဩဇာ မြေမြှုပ်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။

 

၂၀၁၉ ခုနှစ် ဆောင်းရာသီမှာ ပြောင်း စိုက်ပျိုးဧက ၁ ဒသမ ၅၃ သိန်းကို ငမြှောင်တောင် ဖျက်ပိုး(Faw)ကျခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ကောင်းကင်ဆေး ဖျန်းစက် ၅ စင်း၊ ကျောပိုးဆေးဖျန်းစက်အလုံး ၁၅၀၊ ဓာတုပိုးဖျန်းဆေးရည်ဧက ၂၃၀၀ ကို ပံ့ပိုးကူညီနိုင်ခဲ့ပြီး ဧကပေါင်း ၄၅၉၆၇ ဧက ကို ပက်ဖျန်းကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့ပါတယ်။

 

မြို့နယ်တိုင်းတွင် ကျောပိုးအိတ်ဖျန်းစက် အလုံး ၂၆၀ နှင့် ပိုးသတ်ဆေး/ ရောဂါသတ် ဆေး ဧက ၅၂၀၀ ကို အရန်အသင့် စုဆောင်း ထားရှိပါတယ်။ စိုက်ခင်းများ အောင်ရေရရှိပြီး စိုက်ဧကတိုးတက်စေရန် ၃ လက်မ စက်ရေ တွင်း ၇၉ တွင်း တူးဖော်ပေးနိုင်ခဲ့ပြီး စိုက်ပျိုး ဧကပေါင်း ၁၁၈၅ ဧကကို အကျိုးပြုလျက် ရှိပါတယ်။

 

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအနေနဲ့ တစ်နှစ်တာကာလအတွင်း တိုက်ရိုက်တိုင်ကြား လာသည့် အမှုပေါင်း ၁၆၃၄ အနက် အမှုပေါင်း ၉၂၁ မှု ဆောင်ရွက်ပြီးစီး၍ ဆောင်ရွက်ဆဲ အမှုပေါင်း ၇၁၃ မှုရှိကာ ရာခိုင်နှုန်းအားဖြင့် ၅၆ ဒသမ ၄ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

၂၀၂၀ ပြည့်နှစ် မတ်လ ၂ ရက် တောင်သူ လယ်သမားနေ့ အခမ်းအနားကို ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စုမှာ ပြခန်းပေါင်း ၃၆ ခန်းနဲ့ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ တောင်သူ ၆၃၉ ဦးထံ သိမ်းဆည်းမြေဧရိယာ ၂၉၆၅ ဒသမ ၂၃ ဧကကို လက်ဝယ်အရောက် ပြန်လည်ပေးအပ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်တွေ ထုတ်ပေးနိုင်ခဲ့ပါတယ်။

 

မေး ။ ။ ဆည်မြောင်းကဏ္ဍ ဆောင်ရွက်ခဲ့မှုတွေကို သိပါရစေရှင့်။

 

ဖြေ ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာတာတမံ ၅၄ နေရာ ပြုပြင်ပေးနိုင် ခဲ့ပြီး ရေဘေးအန္တရာယ် ကာကွယ်ရေးနဲ့ မိုးစပါးစိုက်ဧက ၈ ဒသမ ၄ သိန်းအတွက် ရေနုတ်မြောင်း ၁၇၆ မြောင်း တူးဖော်နိုင်ခဲ့ ပါတယ်။ ဧရိယာအားဖြင့် ၂ ဒသမ ၃ သိန်း ဧကကျော်ကို ရေကြီးနစ်မြုပ်မှုကနေ ကာကွယ် ပေးနိုင်ခဲ့ပြီး စိုက်ပျိုးရေ ရရှိရေးအတွက် အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ ရေတံခါးပေါင်း ၃ဝ ကို ပြုပြင်တည်ဆောက်နိုင်ခဲ့ပြီး နွေစပါး စိုက်ဧက တစ်သိန်းအတွက် အကျိုးပြုနိုင်ခဲ့ ပါတယ်။

 

ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းမှာ ဧက ပေါင်း ၁၆၆၀၀၀၊ စပါးရိတ်သိမ်းခြွှေလှေ့ခြင်း လုပ်ငန်း ၁၁၈၅၁ ဧကနဲ့ စက်ဖြင့် စပါးစိုက်ပျိုး ခြင်းလုပ်ငန်း ၂၂၅ ဧက တို့ကို ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ အဆင့်မြင့်လယ်ယာ ဖော်ထုတ်ခြင်းလုပ်ငန်းအနေနဲ့ ဇလွန်မြို့နယ် ပက်တန်းကျေးရွာမှာ ဧက ၁၅၀၊ ဟင်္သာတ မြို့နယ် မြို့ကွင်းကျေးရွာမှာ ဧက ၁၀၀ နဲ့ မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာမှာ ဧက ၁၀၀ စုစုပေါင်းဧက ၃၅၀ ခန့်ကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။

 

မေး ။ ။ သစ်တောကဏ္ဍ ဆောင်ရွက်နေမှုကို သိပါရစေ။

ဖြေ ။ ။ တိုင်းဒေသကြီးအတွင်းမှာ သစ်တောမြေဧရိယာ ၁၅၄၁၂၆၅ ဧကရှိတဲ့ အနက် သစ်တောပြုန်းတီးမှုတွေကြောင့် နိုင်ငံတော်ပိုင် စိုက်ခင်းဧက ၆၄၅၀ ကို စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မိုးရာသီ အတွင်း နိုင်ငံတော်ပိုင် စိုက်ခင်း ၅၈၈၅ ဧက တည်ထောင် စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင် ဧကပေါင်း ၇၈၄၇၀၄၀ ကို တည်ထောင် စိုက်ပျိုးထားပါတယ်။

 

မေး ။ ။ မွေးမြူရေးကဏ္ဍ ဆောင်ရွက်နေမှုကို သိပါရစေ။

 

ဖြေ ။ ။ တိုင်းဒေသကြီးအတွင်းမှာ ငါးသားပေါက်ကောင်ရေ ၂၁၈ သိန်း ကျော် မျိုးစိုက်ထည့်ပြီး ရေချိုငါးသားပေါက် စခန်း ၅ ခုက ငါးသားပေါက်ကောင်ရေသိန်း ၁၂၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ တိုင်းဒေသကြီးအတွင်း ငါးနဲ့ ပုစွန် မွေးမြူရေးကန်တွေရှိတဲ့အတွက် ဒေသတွင်းစားသုံးမှု သာမက ပြည်ပပို့ကုန်အဖြစ်ပါ ထုတ်လုပ် လျက်ရှိပါတယ်။ လပွတ္တာမြို့နယ်အတွင်း ကဏန်းပျော့ မွေးမြူရေးကန် ၂၇၆ ဒသမ ၉၇ ဧကနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းဒေသကြီးအတွင်း ဂရန်အင်းပေါင်း ၁၇၇၇ အင်းနဲ့ တင်ဒါပိုက်ချက် ၂၀၆၆ ချက်တို့ကို ရေလုပ်သား အစုအဖွဲ့တွေအား အင်းလုပ်ကိုင် ခွင့်များ ချထားပေးမှာ ဖြစ်ပါတယ်။

 

၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်မှာ ဧရာဝတီ တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း နည်းဥပဒေ (၁/၂၀၁၉) အတည်ပြုပြဋ္ဌာန်းပေးခဲ့ပါတယ်။ သဘာ၀ဘေးအန္တရာယ် ကျရောက်ချိန်မှာ တိရစ္ဆာန်တွေ ခေတ္တနေထိုင်စေရေးအတွက် မြို့နယ် ၇ မြို့နယ်မှာ Animal Safe Land & Shelter ၇ လုံး တည်ဆောက်ထားပါတယ်။ ဒါ့ပြင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ ဟင်္သာတ မြို့နယ် ဝဲကြီးကျေးရွာနဲ့ အင်္ဂပူမြို့နယ် နံကပ်ပြင်စုကျေးရွာတို့မှာ Animal Safe Land & Shelter ၂ ခုကို ၂၀၂၀ ပြည့်နှစ် ဇွန်လအပြီး တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။

 

မေး ။ ။ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ဖို့ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်နေမှုကို သိပါ ရစေရှင့်။

 

ဖြေ ။ ။ လမ်းပန်းဆက်သွယ်ရေး အနေနဲ့လမ်းအရှည် ၈၅ ဒသမ ၇ မိုင်ခန့် ကို လမ်းအမျိုးအစားအလိုက် အဆင့်မြှင့်တင် ပေးခြင်းနဲ့ တံတား/ရေပြွန် ၅၉ စင်းကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပုသိမ်တံတား အမှတ်(၂) ၇ ဒသမ ၅ မီတာ၊ အရှည်ပေ ၂၃၈၀ ရှိ သံမဏိသံပေါင် တံတားကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအကုန်မှာ ပြီးစီးဖို့လျာထားပါတယ်။ လမ်းအမှတ် (၁၀) ဖြစ်တဲ့ ဘိုကလေး- မော်လမြိုင်ကျွန်း - ကျုံမငေး - ဝါးခယ်မ - မြောင်းမြလမ်းပေါ်ရှိ ပေ ၂၄၆၀ ရှိတဲ့ စော်ကဲ တံတားနဲ့ ပေ ၂၃၆၀ ရှိ ကျွန်းပြဿဒ်တံတားစတဲ့ တံတားကြီး နှစ်စင်းကို တည်ဆောက်လျက် ရှိပါတယ်။ ဒီတံတားကြီးနှစ်စင်းကိုတော့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ပြီးစီးဖို့ လျာထားပါတယ်။

 

ဂေါ်ရန်ဂျီကျွန်းကိုသွားတဲ့ လမ်းအရှည် ၃ မိုင် ၇ ဖာလုံရှိ ငရုတ်ကောင်း - ချောင်း၀ - နံ့သာပု - ဂေါ်ရန်ဂျီလမ်းကို ဆောင်ရွက် လျက်ရှိပြီး ဒီလမ်းပေါ်မှာရှိတဲ့ ချောင်းဝ တံတားကို တည်ဆောက်လျက်ရှိပါတယ်။ ဒီလမ်းနဲ့ တံတားပြီးစီးသွားရင် ပုသိမ်မြို့ကနေ ဂေါ်ရန်ဂျီကျွန်းကို အချိန် သုံးနာရီခွဲခန့်နဲ့ ရာသီမရွေးသွားလာနိုင်မှာ ဖြစ်ပါတယ်။

 

ဒါ့ပြင် ရန်ကုန် - ပုသိမ်လမ်း ၂၃ မိုင် ၅ ဖာလုံ ၊ လမ်းအကျယ်ပေ ၃၀ ကို ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်လျက် ရှိရာမှာ ၆၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်တဲ့ အတွက် ၂၀၂၀ ပြည့်နှစ် မေလအကုန်မှာ အပြီးဆောင်ရွက်ဖို့ လျာထားပါတယ်။ ကျေးလက်ဒေသတွေမှာ လမ်းအရှည် ၁၅၀/၂ မိုင်၊ တံတား ၃၅ စင်းနဲ့ ရေပြွန် ၄၅ စင်းကို တည်ဆောက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

ကမ္ဘာ့ဘဏ်အကူအညီနဲ့ ပုသိမ်နဲ့ ဟင်္သာတခရိုင်တို့မှာ ရှေ့ပြေးစီမံကိန်းအနေနဲ့ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေသားလမ်း၊ ကျောက်ချောလမ်း၊ တံတားနဲ့ ရေပြွန်တွေကို ဆောင်ရွက်လျက်ရှိပါတယ်။ လူထုဗဟိုပြု စီမံကိန်းအနေနဲ့ လုပ်ငန်းအရေအတွက် စုစုပေါင်း ၁၀၈၆ ခု ကို ငွေကျပ်သန်း ၁၀၄၅၀ ဒသမ ၄၂ သန်း အကုန်အကျခံ ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။

 

မေး ။ ။ လျှပ်စစ်ကဏ္ဍနဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာ ဆောင်ရွက်ခဲ့မှုတွေ ကို သိပါရစေရှင့်။

 

ဖြေ ။ ။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase(1) အစီအစဉ်အနေနဲ့ ကျေးရွာပေါင်း ၆၅၃ ရွာ အနက် ၂၃၆ ရွာကို ဓာတ်အားဖြန့်ဖြူးပေးနိုင် ခဲ့ပါတယ်။ NEP Phase (2) အစီအစဉ်အနေနဲ့ ကျေးရွာပေါင်း ၈၉၂ ရွာ ဓာတ်အားရရှိဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ထရန်စဖော်မာ ၁၇၁ လုံး၊ ၄၀ဝ ဗို့ဓာတ်အားလိုင်း ၂၉ ဒသမ ၇၆ မိုင်နဲ့ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၀၆ ဒသမ ၂၂ မိုင် တိုးတက် တည်ဆောက်နိုင်ခဲ့ပါတယ်။

 

ချောင်းသာမြို့မှာ ၆၆/၁၁ ကေဗွီ ၊ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံနဲ့ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၂ ဒသမ ၃၆ မိုင် တည်ဆောက် ခဲ့ပြီး ချောင်းသာနဲ့ ရွှေသောင်ယံမြို့တို့ကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက် လျက်ရှိပါတယ်။

 

ဆက်သွယ်ရေးကဏ္ဍအနေနဲ့ ခရိုင် ၆ ခရိုင် မှာ မိုဘိုင်းစခန်းပေါင်း ၃၆၇ စခန်း တည်ဆောက် ပေးနိုင်ခဲ့ပါတယ်။ အော်တိုကြိုးဖုန်းစနစ် အဆင့်မြှင့်တင့်ခြင်း လုပ်ငန်းအနေနဲ့ မြို့နယ် ၁၀ မြို့နယ်ရှိ အော်တိုအိတ်ချိန်း ၁၂ ခုကို MSAN အိတ်ချိန်း အဆင့်မြှင့်တင်နိုင်ခဲ့ပြီး မြန်နှုန်းမြင့် အင်တာနက်စနစ် အသုံးပြုနိုင် စေရန်အတွက် Fiber to the Home (FTTH) စနစ်ကို တပ်ဆင်ရန် ဆောင်ရွက်လျက် ရှိပါတယ်။

 

မေး ။ ။ စည်ပင်သာယာရေးကဏ္ဍ ဆောင်ရွက်နေမှုကို သိပါရစေ။

 

ဖြေ ။ ။ ပုသိမ်မြို့ ရေပေးဝေရေး စီမံကိန်းကို ဂျပန်နှစ်ရှည်ချေးငွေ (JICA ODA Loan) ငွေကျပ် ၁၇ ဒသမ ၁၄၂ ဘီလီယံနဲ့ ဆောင်ရွက်လျက်ရှိပြီး ကျန်မြို့နယ်တွေမှာ နိုင်ငံတကာချေးငွေ (Loan)တွေ၊ (Donate)တွေ၊ (Grants)တွေနဲ့ ရေပေးဝေရေး စီမံကိန်း တွေကို နှစ်အလိုက် စီမံဆောင်ရွက်ဖို့ စီစဉ် လျက်ရှိပါတယ်။

 

တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေမှ ငွေကျပ်သန်း ၃၉၃၀ ဒသမ ၁၉ ကို မြို့နယ်နဲ့ မြို့ စည်ပင်သာယာရေးအဖွဲ့ ၃၃ ဖွဲ့အတွက် မြေတူးစက် ၂၅ စီး၊ ရေပုပ်စုပ်ယာဉ် ၂၄ စီး၊ အမှိုက်ကန် တင်ယာဉ် ၃ စီး၊ အမှိုက်သိမ်းယာဉ် ၃၆ စီးနဲ့ သုံးဘီးဆိုင်ကယ် ၅၆ စီး စုစုပေါင်း ၁၄၄ စီးကို ခွဲဝေထောက်ပံ့နိုင်ခဲ့ပါတယ်။

 

မြို့နယ်နဲ့ မြို့တွေမှာ e - Government စနစ်နဲ့ ဆောင်ရွက်တဲ့ e- Municipal Applications တွေနဲ့ ပစ္စည်းခွန်တွေ ကောက်ခံခြင်း၊ လုပ်ငန်းလိုင်စင်စနစ်ကို Online မှ ဆောင်ရွက်ခြင်းတို့ကို စတင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

မေး ။ ။ ကျေးလက်ဒေသ ရေရရှိရေးဆောင်ရွက်ခဲ့မှုကို သိပါရစေရှင့်။

 

ဖြေ ။ ။ ကျေးလက်ရေပေးရေး လုပ်ငန်းတွေအနေနဲ့ ရေတွင်း၊ ရေကန်နဲ့ အခြားလုပ်ငန်း အရေအတွက် စုစုပေါင်း ၇၇၀ ကို ငွေကျပ်သန်းပေါင်း ၆၀၄၈ သန်း အကုန် အကျခံ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ကျောင်းကုန်းမြို့နယ် ကောက်ကြီးကျေးရွာမှာလျှပ်စစ်မြစ်ရေတင် တစ်ခု တည်ဆောက်ခဲ့ပြီး နွေသီးနှံတွေအတွက် စတင်ရေပေးဝေလျက် ရှိပါတယ်။ အစိုးရအဖွဲ့ရန်ပုံငွေနဲ့ ဓနုဖြူမြို့နယ် တမြာကျေးရွာမှာ လျှပ်စစ်မြစ်ရေတင် တစ်ခု တည်ဆောက်လျက်ရှိပါတယ်။

 

မေး ။ ။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍ ဆောင်ရွက်နေမှုတွေကို သိပါရစေ။

 

ဖြေ ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ် ၂၆ မြို့နယ်မှာ ကလေး စာပေပွဲတော်တွေ ကျင်းပခဲ့ရာ ပြခန်းပေါင်း ၁၉၁ ခန်း၊ စာအုပ်ဆိုင် ၄၇၁ ဆိုင် ဖွင့်လှစ်ပြသ နိုင်ခဲ့ပြီး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၀၄၅၀၀ တက်ရောက်ခဲ့ပါတယ်။ ငါးသိုင်း ချောင်းမြို့မှာ Community Center အဆောက် အဦကို ကုန်ကျစရိတ် ငွေကျပ် ၅၁၄ သိန်းကျော် အကုန်ကျခံပြီး ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ်။

 

မေး ။ ။ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေဖို့ ဆောင်ရွက်နေမှုကို ရှင်းပြပေးပါဦးရှင့်။

 

ဖြေ ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ခရီးသွားဧည့်သည် လာရောက် လည်ပတ်မှုက နှစ်စဉ် တိုးတက်လျက်ရှိပါတယ်။ ခရီးသွားလုပ်ငန်းကနေ ဝင်ငွေရရှိမှုက ယခင် နှစ်ထက် ၃ဝ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဒေသဆိုင်ရာ ခရီးသွားကော်မတီအနေနဲ့ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာစေဖို့အတွက် ရွှေသောင်ယံကမ်းခြေနဲ့ ဂေါ်ရန်ဂျီကျွန်းဒေသတွေကို သက်ဆိုင်ရာဌာနတွေပါဝင်တဲ့ အဖွဲ့နဲ့ မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့အပြင် သမိုင်းကြောင်းအရ ထင်ရှားတဲ့ အိမ်မဲမြို့နယ်မှာရှိတဲ့ ဘုရင့်နောင်ဖောင်ဖျက်တဲ့ နေရာနဲ့ ဘိုကလေးမြို့နယ် မိန်းမလှကျွန်းမှာ ရှိတဲ့ မိကျောင်းမွေးမြူရေးစခန်းကို ခရီးသွား လုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

 

မေး ။ ။ တိုင်းဒေသကြီးအတွင်း သဘာ၀ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့မှုကို သိပါရစေ။

 

ဖြေ ။ ။ သဘာ၀ဘေးသင့် ပြည်သူတွေအတွက် ဆန်ရိက္ခာ၊ အိမ်ဆောက် ပစ္စည်း၊ ကယ်ဆယ်ရေး ပစ္စည်းနဲ့ ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ်သိန်းပေါင်း ၆၀၄၉ ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးကို လျာထားအိမ်ထောင်စု ၇၉၀၀ အတွက် ရည်ရွယ်ပြီး သိုလှောင် ထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။ သဘာ၀ဘေး ကြိုတင်ကာကွယ်ရေးအနေနဲ့ အရန်ဆန်အိတ် ပေါင်း ၂၁၀၀၀ ကျော်ကို စုဆောင်းထားပြီး လူမှုရေးယာဉ်အစုအဖွဲ့နဲ့ ရေယာဉ်တွေ စာရင်း ကို ကောက်ယူထားပြီးဖြစ်ပါတယ်။

 

တိုင်းဒေသကြီးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ပုံငွေထဲက ငွေကျပ်သိန်း ၆၅ဝကို ထိခိုက်ပျက်စီးမှုရှိနိုင်တဲ့ မြို့နယ် ၂၅ မြို့နယ်မှာရှိတဲ့ ကျေးရွာ/ရပ်ကွက် ၂၂၄ ရွာ မှာရှိတဲ့ ကြံ့ခိုင်မှုအားနည်းတဲ့ နေအိမ်အလုံး ၂၅၀ဝ ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့က ဦးဆောင်ပြီး အဖွဲ့ ၅၀ နဲ့ ၂၀၂၀ ပြည့် နှစ် ဧပြီလအတွင်း အပြီးဆောင်ရွက်ပေးခဲ့ ပါတယ်။

 

မီးဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး စောင့်ကြည့်ကွပ်ကဲနိုင်ရေးအတွက် ပုသိမ်မြို့မှာ ရှိတဲ့ Swen Hotel မှာ e - Watching System နဲ့စောင့်ကြည့်လျက်ရှိပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တွေမှာရှိတဲ့ နယ်မြေမီးသတ်စခန်းတွေ ကို IP Camera GPS Tracking Device System အလုံး ၄၀ တပ်ဆင်ပေးနိုင်ခဲ့ ပါတယ်။

 

သဘာ၀ဘေးအန္တရာယ် ကျရောက်ပါက ခိုလှုံရန်အတွက် Shelter ၁၈ လုံး တည် ဆောက်ပေးခဲ့ပြီး တစ်လုံးကို လူဦးရေ ၅၀ဝ ခန့် ခိုလှုံနိုင်မှာ ဖြစ်ပါတယ်။ Shelter အားလုံး စုစုပေါင်း ၃၉ လုံးကို ဆက်လက်ဆောက်လုပ် နေပါတယ်။

 

မေး ။ ။ ပညာရေးကဏ္ဍ ဆောင်ရွက်နေမှုကို သိပါရစေရှင့်။

 

ဖြေ ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ အခြေခံပညာကျောင်းပေါင်း ၅၂၉ ကျောင်းကို အဆင့်တိုးမြှင့်ခြင်း၊ ကျောင်းဆောင် ၃၈၂ ဆောင် အသစ်ဆောက်လုပ်ခြင်း၊ တက္ကသိုလ်ဝင် စာစစ်ဌာန ၉ ခုနဲ့ ထပ်မံတိုးချဲ့ ခြင်းတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျောင်း ပြင်ပ မူလတန်းပညာရေး (NFPE)ကို မြို့နယ် ၁၄ မြို့နယ်မှာ အခြေစိုက်စခန်း ၇၆ ခု ဖွင့်လှစ်ပြီး ဆရာ ဆရာမ ၁၃၃ ဦးနဲ့ ကျောင်း သား ၁၀၈၂ ဦးကို သင်ကြားပို့ချလျက်ရှိပါတယ်။ ကျောင်းပြင်ပ အလယ်တန်းပညာရေး(NFME)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ ဟင်္သာတမြို့နယ်မှာ ကျောင်းသား ၄၀ ကို ဆရာ ဆရာမ ငါးဦးနဲ့ သင်ကြားပို့ချနိုင်ခဲ့ ပါတယ်။

 

မေး ။ ။ ကျန်းမာရေးကဏ္ဍ ဆောင်ရွက်ခဲ့မှုကို သိပါရစေ။

 

ဖြေ ။ ။ တိုင်းဒေသကြီးအတွင်း တိုက်နယ်ဆေးရုံ နှစ်ရုံ၊ ဝန်ထမ်းအိမ်ရာ ၂၁ လုံး၊ ကျေးလက်ကျန်းမာရေးဌာန ၁၈ ခုနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၁ ခုကို ထပ်မံ တိုးမြှင့် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးပြည်သူတွေကို ပံ့ပိုးကူညီရန် ရည်ရွယ်ပြီး ကျန်းမာရေးအထောက်အကူပြု ကော်မတီတွေကို မြို့နယ် ၂၆ မြို့နယ်မှာ ဖွဲ့စည်းထားရှိကာ တစ်မြို့နယ်မှာ ရုံးအဖွဲ့မှူး တစ်ဦး၊ တစ်လလျှင် ထောက်ပံ့ငွေကျပ် နှစ်သိန်း နှုန်းနဲ့ ၂၆ ဦး ခန့်အပ်ထားပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ဌာနဆိုင်ရာ တွေနဲ့ စေတနာရှင်အလှူရှင်တွေရဲ့ တစ်လုံး တစ်ခဲထည့်ဝင်ငွေနဲ့ လစဉ်ထည့်ဝင်ငွေတွေက ငွေကျပ် ၁၈၆ ဒသမ၂၇ သန်းရှိပြီး လူနာ ၂၇၀၇ ဦးကို ငွေကျပ် ၇၆ ဒသမ ၃၇ သန်း လှူဒါန်း ထောက်ပံ့နိုင်ခဲ့ပါတယ်။

 

ဒါ့ပြင် ကာကွယ်ဆေးသိုလှောင်ခန်းအသစ် ကို တည်ဆောက်နိုင်ခဲ့ကာ တစ်နှစ်အောက် ကလေး တစ်သိန်းကျော်အတွက် လုံလောက်တဲ့ ကာကွယ်ဆေးတွေကို သိုလှောင်ထားရှိပြီး ဖြစ်ပါတယ်။ တီဘီရောဂါတိုက်ဖျက်ရေးအတွက် ရွေ့လျားဓာတ်မှန်ရိုက်စက်ယာဉ်ကို အသုံးပြုပြီး ရောဂါရှာဖွေကုသပေးလျက် ရှိပါတယ်။

 

မေး ။ ။ တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့ ဖြည့်စွက်ပြောကြားစရာ ရှိရင် ပြောကြားပေးပါ။

 

ဖြေ ။ ။ လောလောဆယ် ကမ္ဘာမှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ပြည်သူတွေ လိုက်နာဆောင်ရွက်ရမယ့် အသိပညာပေးလုပ်ငန်းတွေ လုပ်နေပါတယ်။ အစည်းအဝေးတွေပြုလုပ်ပြီး ပြည်သူတွေ ရောဂါနဲ့ပတ်သက်ပြီး ကုသကာကွယ်နိုင်ဖို့နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ကြိုတင်ဝယ်ယူနိုင်ဖို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ကြိုတင်ပြင်ဆင် ထားပြီး ဖြစ်ပါတယ်။ ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်သူတွေ ရောဂါကင်းဝေးနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ။