ပြည်သူ့နီတိအရေးကြီးသည်

အောင်ခိုင်မြင့်(ပညာရေး)

ကျောင်းများတွင် ယခုအခါ စာရိတ္တနှင့် ပြည်သူ့နီတိအပါအဝင် တွဲဖက်သင်ရိုးဝင် ဘာသာရပ်များကို သင်ရိုးဝင် ဘာသာရပ်များအဖြစ် ပြဋ္ဌာန်းပြီး မသင်မနေရ သတ်မှတ်ထားပြီးဖြစ်ပါသည်။ ကလေးသူငယ်များ၏ အပြုအမူ၊ အပြောအဆိုများယခင်ကထက်ပိုမိုယဉ်ကျေးသိမ်မွေ့လာ ကြသည်။ နေထိုင်မှုပုံစံများ စနစ်တကျဖြစ်လာသည်။ အားကစား လုပ်ဆောင်မှုကို စိတ်ဝင်စားလာကြသည်။ ဂီတအနုပညာဘက်တွင် ဝါသနာပါလာကြသည်။ အထူးသဖြင့် ပြည်သူ့နီတိဆိုင်ရာ အလေ့အကျင့်ကောင်းများကို မိဘများ၊ လုပ်သားပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အဖွဲ့အစည်းများက ပိုမိုစိတ်ဝင်စားလာခဲ့ကြသည်။ ပြည်သူ့နီတိဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ လူငယ်တွေ့ဆုံပွဲများ၊ ပြည်သူ့နီတိစကားဝိုင်းများ ကျင်းပလာသည်ကို တွေ့ရှိရသည်။ နိုင်ငံ့သားကောင်းများ ပေါ်ထွန်းစေရေးအတွက် အခြေခံအကျဆုံးသော အလေ့အကျင့်မှာ ပြည်သူ့နီတိစိတ်ဓာတ်နှင့် လိုက်နာကျင့်သုံးရမည့် အပြုအမူကောင်းများပင် ဖြစ်သည်။ လူကြီးလူကောင်းများဖြစ်လာစေရန် လူငယ်လူကောင်းများ ဦးဆုံးဖြစ်ဖို့ အရေးကြီး ပါသည်။

 

ပြည်သူ့နီတိ

ပြည်သူ့နီတိဟူသည်အဘယ်နည်း။ "ပြည်သူ" ဟူသည့် မြန်မာဝေါဟာရနှင့် "နီတိ" ဟူသည့် ပါဠိ ဝေါဟာရတို့ တွဲဖက်ပေါင်းစပ်ထားခြင်းဖြစ်ကာ "ပြည်သူ" ၏အဓိပ္ပာယ်မှာ "ပြည်သူပြည်သား"၊ "နိုင်ငံသား"ဟု ဖော်ညွှန်းပြီး "နီတိ" ၏အဓိပ္ပာယ်မှာ "လမ်းညွှန်ဆုံးမသော စကား"၊ "ကျမ်း"ဟု ဖော်ညွှန်းပါသည်။ ပြည်သူ့နီတိကို မြန်မာအဘိဓာန်တွင် “ပြည်သူများ လိုက်နာဆောင်ရွက်ရန် ကျင့်ဝတ်" ဟု ဖွင့်ဆိုထားသည်။ တစ်နည်းအားဖြင့် ဆိုသော် ပြည်သူ့နီတိ ဆိုသည်မှာ ပြည်သူပြည်သားများ အကျိုးစီးပွားတိုးတက်စေရန်နိုင်ငံသားတိုင်း စောင့်ထိန်း ရမည်တို့ကို လမ်းညွှန်ထားခြင်း ဖြစ်ပါသည်။ အခြေခံ ပညာကျောင်းများတွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာ ရပ်သင်ကြားရသည့် ရည်ရွယ်ချက်ကို အောက်ပါအတိုင်း ချမှတ်ထားကြောင်း လေ့လာတွေ့ရှိရသည်-

  • ကိုယ်ကျင့်တရားဆိုင်ရာ မှန်ကန်သောအသိ၊ အပြုအမူများကို စနစ်တကျဝေဖန်ပိုင်းခြား ကျင့်သုံးတတ်ရန်၊
  • လူ့အခွင့်အရေးများကို တန်ဖိုးထားလေးစားပြီး နိုင်ငံသားတစ်ဦး၏ တာဝန်ဝတ္တရားများကို လိုက်နာကျင့်သုံး တတ်ရန်၊
  • နိုင်ငံ့သားကောင်းအဖြစ်သာမက ကမ္ဘာ့နိုင်ငံသားတစ်ဦးအဖြစ် တန်ဖိုးထားပြုမူ နေထိုင်တတ်ရန်ဟူသည့် ရည်ရွယ်ချက်များ ဖြစ်သည်။

 

ကျောင်းသားလူငယ်များ၏ အသက်အရွယ်ဖွံ့ဖြိုးမှုများကို အခြေခံလျက်သင်ယူမှု နယ်ပယ်လေးရပ်ကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားကြောင်း လေ့လာတွေ့ရှိရပါသည်။ အဆိုပါနယ်ပယ် လေးရပ်မှာ-

လူမှုကျင့်ဝတ်နယ်ပယ်၊

အခွင့်အရေးနှင့် တာဝန်နယ်ပယ်၊

စည်းကမ်းနှင့် ဥပဒေနယ်ပယ်၊

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနယ်ပယ်များ ဖြစ်ကြသည်။

 

လူမှုကျင့်ဝတ်နယ်ပယ်တွင် မိသားစုအတွင်း ယဉ်ကျေးသော အပြုအမူ၊ အပြောအဆိုများကို နားလည်လက်ခံပြီး  နေ့စဉ်ဘဝတွင် ကျင့်သုံးတတ်လာစေခြင်း၊ မိသားစုများအကြားတွင် အပြန်အလှန်ရိုသေလေးစားမှုများကို နားလည် သဘောပေါက်လာစေခြင်း၊ မိသားစုအတွင်း ရိုးသားဖြောင့်မတ်တည်ကြည်စွာ နေထိုင်ရမည်ကို သိရှိလာခြင်း၊ ရိုးသားဖြောင့်မတ်မှု အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်း၊ မိသားစုအချင်းချင်း ချစ်ခင်မြတ်နိုး တန်ဖိုးထားလေးစားတတ်သည့် အပြုအမူများကို လက်တွေ့ဘဝတွင် ကျင့်သုံးတတ်လာစေခြင်း စသည့် အလေ့အကျင့် ကောင်းများ ပါဝင်သည်။

 

အခွင့်အရေးနှင့် တာဝန်နယ်ပယ်တွင် အခွင့်အရေးနှင့် တာဝန်၏အဓိပ္ပာယ်ကို နားလည်သဘောပေါက်ခြင်း၊ လူ့အဖွဲ့အစည်းဝင် တစ်ဦးအနေဖြင့်လည်းကောင်း၊ နိုင်ငံသားတစ်ဦးအနေဖြင့် လည်းကောင်း ဆောင်ရွက်ရမည့် တာဝန်နှင့် ရရှိမည့် အခွင့်အရေးများကို ကောင်းစွာနားလည်စေခြင်း၊ မိမိနိုင်ငံကို ချစ်မြတ်နိုးတန်ဖိုးထားပြီး ဘိုးဘွား အမွေအနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် တာဝန်အပြည့်အဝရှိသည်ကို သိရှိနားလည်စေခြင်းနှင့် တာဝန်ယူလိုစိတ်များ ဖြစ်ပေါ်စေခြင်းတို့ ပါဝင်သည်။

 

စည်းကမ်းနှင့်ဥပဒေနယ်ပယ်တွင် စည်းကမ်းနှင့် ဥပဒေတို့၏ အဓိပ္ပာယ်ကို သိရှိနားလည်စေခြင်း၊ အိမ်စည်းကမ်း၊ ကျောင်းစည်းကမ်း၊ အဖွဲ့အစည်းစည်းကမ်းများကို တန်ဖိုးထား လေးစားတတ်လာစေခြင်း၊ ဥပဒေ၏ သဘောသဘာဝကို သိရှိသဘောပေါက်ပြီး နိုင်ငံသားတစ်ဦးအနေဖြင့် ဥပဒေဘောင်အတွင်းနေထိုင်ခြင်း၊ ဥပဒေကို သိရှိလေးစားလိုက်နာ ကျင့်သုံးတတ်မှု အလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးခြင်းတို့ ပါဝင်သည်။

 

ငြိမ်းချမ်းစွာအတူနေထိုင်ခြင်းနယ်ပယ်တွင် အပြု သဘောဆောင်သည့် အတွေးအခေါ်များ၊ အပြုအမူကောင်း များရရှိပြီး ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဖိုးထားတတ်စေခြင်း၊ မိသားစုအတွင်းဖြစ်လေ့ရှိသည့် အယူအဆမတူကွဲပြားမှုများ၊ လူ့အဖွဲ့ အစည်းအတွင်း ဖြစ်လေ့ဖြစ်ထရှိသော အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်တတ်သည့် နည်းလမ်းများ၊ အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ငြိမ်းချမ်းစွာပညာသင်ကြားမှုကို မြတ်နိုးတန်ဖိုး ထားတတ်လာစေခြင်းတို့ ပါဝင်သည်။

 

အခြေခံကျင့်စဉ်

စတမ်းဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခဝီလျံဒါမွန်က “ဒီမိုကရေစီ အောင်မြင်ချင်လျှင် ပြည်သူ့နီတိသင်ရမည်” ဟု ပြောကြား ခဲ့သည်ကို မှတ်သားမိသည်။ ဒီမိုကရေစီလူ့ဘောင်တွင် တရားမျှတမှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တန်းတူအခွင့်အရေးရှိမှု၊ မတူကွဲပြားမှုကို နားလည်လက်ခံမှု စသည့် အလေ့အကျင့်ကောင်းများ ရရှိရေးအတွက် ငယ်ရွယ်စဉ်ကျောင်းသား ဘဝကပင် ပြုစုပျိုးထောင်လေ့ကျင့်ပေးရမည် ဖြစ်သည်။ ပြည်သူ့နီတိတွင် သင်ကြားရသည့် စုပေါင်းလုပ်ဆောင်တတ်မှု၊ တစ်ဦးကိုတစ်ဦး နားလည်ပြီး တန်ဖိုးထားတတ်မှု၊ စည်းကမ်းကို ရိုသေ လိုက်နာမှု၊ ဝန်းကျင်ကောင်းများ ဖန်တီးတတ်မှု၊ တာဝန်ယူတတ်မှု၊ ရပိုင်ခွင့်ကို ရှေ့တန်းမတင်မှု စသည်တို့သည် ဒီမိုကရေစီလူ့ဘောင်၏ အခြေခံကျင့်စဉ်များပင် ဖြစ်သည်။ အမှန်စင်စစ် ပြည်သူ့နီတိ အလေ့အကျင့်ကောင်းများသည် ကျောင်းများတွင်သာမက ဌာနတိုင်း၊ အဖွဲ့အစည်း တိုင်း၊ ရပ်ရွာ၊ ကျေးလက်၊ မြို့နယ်တိုင်းတွင်လည်း ရှိကြရမည် ဖြစ်သည်။

 

အခြေခံပညာမူလတန်းကျောင်းမှသည် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအဆင့်အထိ ပြည်သူ့နီတိအလေ့အကျင့် ကောင်းများ ရှိရမည်ဖြစ်သည်။ ငြိမ်းချမ်းစွာပညာသင်ကြားရေးကို ဖြစ်ထွန်းစေနိုင်သည်။

 

အခြေခံကျသော ဝန်ထမ်းမှသည် ပြည်ထောင်စုဝန်ကြီး အထိ ပြည်သူ့နီတိကျင့်စဉ်ကောင်းများကို ကိုယ်စီကျင့်သုံး လိုက်နာပါက ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုယန္တရားတစ်ရပ် ဖြစ်ထွန်းစေနိုင်ပါသည်။

 

မိသားစုအဖွဲ့အစည်းမှသည် နိုင်ငံတော်အဖွဲ့အစည်း အဆင့်ဆင့်အထိ ပြည်သူ့နီတိကျင့်စဉ်ကောင်းများ လိုက်နာကျင့်သုံး ရမည် ဖြစ်သည်။ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းကို ဖြစ်ထွန်းစေနိုင်သည်။

 

လူပုဂ္ဂိုလ်တစ်ဦးချင်းစီမှသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီအထိ ပြည်သူ့နီတိ အလေ့အကျင့်ကောင်းများကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်သည့် ပုံရိပ်များပေါ်ထွက်လာမည် ဖြစ်သည်။

 

ဆိုလိုသည်မှာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကမှ ပြည်သူ့နီတိကျင့်စဉ်များဖြင့် ကင်းကွာ၍ မရနိုင်ပေ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကလည်း ဤသို့မိန့်ဆိုခဲ့ဖူးသည်။

 

“တိုင်းပြည်အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်သည် အခက်ခဲဆုံး ဖြစ်လေသည်။ ဒီမိုကရေစီစနစ် အောင်မြင်ရန် ပြည်သူပြည်သားတို့သည် ဆင်ခြင်တုံတရား လုံလောက်အောင် ရှိကြရမည်။ အသိဉာဏ်ကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခ ကိုသာ ဖြစ်စေလိမ့်မည်”ဟု မိန့်ဆိုခဲ့ခြင်းကို မှတ်သားခဲ့ဖူးပါသည်။ “ဆင်ခြင်တုံတရား” ဟူသည့်စကားရပ်သည် ပြည်သူ့နီတိနှင့် များစွာဆက်စပ်မှုရှိနေသည်။ ပြည်သူ့နီတိဆိုင်ရာ အတွေးအခေါ်၊ အသိအမြင်၊ အလေ့အကျင့်များသည် ဆင်ခြင်တုံတရားပြည့်ဝမှု အရည်အသွေးကို ကောင်းစွာ မြင့်မားစေပါသည်။ စဉ်းစားချင့်ချိန် ဝေဖန်ဆန်းစစ်တတ်သည့် အသိဉာဏ်ကိုလည်း ထက်မြက်စေပါသည်။ ပြည်သူတစ်ဦးချင်းစီက ပြည်သူ့နီတိ အလေ့အကျင့်ကောင်းများကို ကိုယ်စီကျင့်သုံးလိုက်နာခြင်းဖြင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်ခိုင်မာလာစေမည်ဟု ယုံကြည်ပါသည်။

 

သို့ဖြစ်၍ ကျောင်းများတွင် ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား ပြည်သူ့နီတိစိတ်ဓာတ်နှင့် အလေ့အကျင့်ကောင်းများကို ဦးနှောက်မှတစ်ဆင့် ရင်ထဲအသည်းထဲစွဲပြီး လက်တွေ့ကျင့်သုံးနိုင်ရေး လေ့ကျင့်ပေးရန် လိုအပ်ပါသည်။ ကျောင်းသား ကျောင်းသူများကလည်း ရိုသေလေးစားတတ်ခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ ကွဲပြားခြားနားမှုကို နားလည်လက်ခံတတ်ခြင်း၊ စည်းကမ်းနှင့် လွတ်လပ်မှု၊ တာဝန်နှင့် ရပိုင်ခွင့်တို့အား ခွဲခြားသိမြင် တတ်ခြင်း စသည့်အလေ့အကျင့်များကို ငယ်ရွယ်စဉ် ဘဝကပင် လိုက်နာကျင့်သုံး သွားတတ်ကြစေရန် လိုအပ်ပါသည်။ ပြည်သူပြည်သား တစ်ဦးချင်းစီသည်လည်းကောင်း၊ လူမှုအဖွဲ့အစည်း အသီးသီးနှင့် နိုင်ငံတော် အဖွဲ့အစည်းအသီးသီးက သော်လည်းကောင်း ပြည်သူ့နီတိဆိုင်ရာ အလေ့အကျင့်ကောင်းများကို ယခုထက် ပိုမို ကျင့်သုံးဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ပြည်သူ့နီတိ စိတ်ဓာတ်နှင့် အလေ့အကျင့်ကောင်းများ ဖွံ့ဖြိုးတိုးတက် ရင့်ကျက်လာခြင်းသည် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အခြေခံကျသော၊ ခိုင်မာသောအင်အား တစ်ရပ်ဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။ ။