ပြည်သူ့ပါတီ ရုံးပေါင်း ၃၀ သုံးလအတွင်း ဖွင့်လှစ်သွားမည်

မန္တလေး ၁၆ ဇန်နဝါရီ


ပြည်သူ့ပါတီအနေဖြင့် တစ်နိုင်ငံလုံးတွင် ပါတီ ရုံးပါင်း ၃၀ သုံးလအတွင်း  ဖွင့်သွားမည်ဖြစ်ကြောင်း ပါတီ ဒုက္ကဋ္ဌ ဦးမင်းဇေယျာ က ပြောသည် ။


လက်ရှိတွင် ပြည်သူ့ပါတီ ဗဟိုဌာနချုပ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး တို့တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ထားပြီးဖြစ်ကာ ထပ်မံ၍ တိုင်းဒေသကြီး ပြည်နယ် ရုံးခန်းများအပြင် ခရိုင် ၊ မြို့နယ် အဆင့်ရုံးများလည်း ဖွင့်သွားမည်ဖြစ်ကြောင်း သိရသည် ။


" တိုင်းဒေသကြီး ပြည်နယ် ခရိုင် မြို့နယ်ရုံးပေါင်း ၃၀ ကို ဖွင့်နိုင်ဖို့ စီမံချက်ချနေတယ် ။ ခုတော့စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမှာ တိုင်းဒေသကြီးအဆင့် ရုံးခန်းဖွင့်နိုင်ပြီ ဒီလထဲမှာပဲ ရန်ကုန် နဲ့ ဧရာဝတီမှာ ဖွင့်နိုင်ဖို့ လုပ်သွားမယ်။ " ဟု ပြည်သူ့ပါတီ ဒုက္ကဋ္ဌ ဦးမင်းဇေယျာ က ပြောသည် ။


ထို့အပြင် ပါတီအနေဖြင့် အများပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများနှင့် အလုပ်သမားအရေး ၊ လယ်သမားအရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများတွင် လက်ရှိ အစိုးရအား အကြံပေးသည့်ပုံစံဖြင့် ကူညီသွားမည်ဖြစ်ကြောင်း သိရသည် ။


" ကျွန်တော်တို့ပါတီက မှတ်ပုံတင်ကျတာ အခုမှ လပိုင်းလောက်ပဲရှိသေးတယ် ။ အခုမှ အကြံပြုချက်တွေ အသံတွေကို နားထောင်တုန်း အကြံပြုချက်တွေကို စီစစ်တုန်းရှိသေးတယ် " ဟု ဦးမင်းဇေယျာက ဆက်လက် ပြောသည် ။


ပြည်သူ့ပါတီ အား ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ - ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေငြာခဲ့သည် ။


သူရိန်လင်း

 

mdn