နေပြည်တော် ဖေဖော်ဝါရီ ၁၄
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် MSME လုပ်ငန်းများကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် ပြခန်းပြသပြီး စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့်သက်ဆိုင်သော နည်းပညာ၊ အသိပညာများ ဆွေးနွေးဖြန့်ဝေပေးလျက်ရှိ သည့် အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိနိုင်ရန် တွေ့ဆုံမေးမြန်းရေးသားတင်ပြလိုက်ရပါသည်-
ဦးအောင်ကျော်သက်
ဒုတိယညွှန်ကြားရေးမှူး၊
ဆည်မြောင်းနှင့် ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)
အခုပြပွဲမှာ ကျွန်တော်တို့ ဌာန အနေနဲ့ တောင်သူတွေရဲ့ စိုက်ပျိုး ရေးလုပ်ငန်းတွေ ရေရရှိဖို့အတွက် ဆောင်ရွက်တဲ့ ဆိုလာစနစ်နဲ့ ရေတင်စိုက်ပျိုးနိုင်မယ့် ရေစုပ် စက်နဲ့ ဆိုလာချပ်တွေကို သရုပ်ပြ တပ်ဆင် ပြသထားပါတယ်။ အခုလို သရုပ်ပြတပ်ဆင် မောင်းနှင်တဲ့ ရေစုပ်စက်တွေကတော့ တောင်သူတွေ ကုန်ကျစရိတ် အနည်းဆုံးနဲ့ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် ဌာနကနေ သုတေသနပြုစမ်းသပ်ထားတဲ့ ရေစုပ်စက်နဲ့ ဆိုလာချပ်အတွဲတွေ ဖြစ်ပါတယ်။
ဒီလိုပြသတဲ့ အဓိကရည်ရွယ် ချက်ကတော့ တောင်သူတွေ စိုက်ပျိုး ရေးလုပ်ငန်းတွေ တိုးတက်ဆောင်ရွက်နိုင်ဖို့၊ ဆိုလာစနစ်သုံး ရေစုပ် စက်တွေကို အတိုးနှုန်းသက်သာစွာ နဲ့ ချေးငွေရယူ ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ စီစဉ်ဆောင်ရွက်ပေး တယ်ဆိုတာကို သိရှိစေလိုတာ ဖြစ်ပါတယ်။
တောင်သူတွေအနေနဲ့ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ ဆိုလာစနစ် စိုက်ပျိုးရေ စက်ရေ တွင်းတူးဖော်ခြင်း၊ တူးဖော်ပြီး စိုက်ပျိုးရေ စက်ရေတွင်းတွေကို ဆိုလာစနစ် ပြောင်းလဲတပ်ဆင်ခြင်း၊ မြစ်/ချောင်း/ကန်/မြောင်း တွေကရေကို ဆိုလာစနစ်နဲ့ ရေတင် စိုက်ပျိုးခြင်းလုပ်ငန်းတွေ ဆောင် ရွက်နိုင်ပါတယ်။ ချေးငွေပြန်လည် ပေးဆပ်ရမယ့်ကာလက တစ်နှစ် ခြောက်လဖြစ်ပါတယ်။ ပထမ ခြောက်လမှာ အရင်း ၃၀ ရာခိုင်နှုန်း နဲ့ အတိုး တစ်ရာခိုင်နှုန်း၊ ဒုတိယ ခြောက်လမှာ အရင်း ၃၀ ရာခိုင်နှုန်းနဲ့ အတိုး တစ်ရာခိုင်နှုန်း၊ တတိယ ခြောက်လမှာ အရင်း ၄၀ ရာခိုင်နှုန်း နဲ့ အတိုး တစ်ရာခိုင်နှုန်း ဖြစ်ပါတယ်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ပထမအကြိမ် ငွေကျပ် ၆၀၄ ဒသမ ၂၀၀ သန်းနဲ့ ပြည်ထောင်စုနယ်မြေ အပါအဝင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းက မြို့နယ် ၁၉ မြို့နယ်၊ တောင်သူ ၁၃၂ ဦး၊ လုပ်ငန်း ၁၆၅ ခုက စိုက်ပျိုးမြေ ၁၃၉၂ ဒသမ ၃၃ ဧကအတွက် စိုက်ပျိုးရေရရှိရေး လုပ်ငန်းတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ တောင်သူတွေအတွက် ဆက် လက်ဆောင်ရွက် သွားဖို့အတွက်လည်း စီမံဆောင်ရွက်လျက်ရှိပါတယ်။
ဒေါက်တာမြင့်သိန်းဝင်း
ညွှန်ကြားရေးမှူး၊
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
ပြပွဲမှာ ကောင်းမွန်သော မွေးမြူ ရေးကျင့်စဉ် (GAHP/GBP) တွေနဲ့ အညီ မွေးမြူထားပြီး ရရှိလာတဲ့ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်း တွေ၊ MSME လုပ်ငန်းတွေက ထုတ်လုပ်ထားတဲ့ တန်ဖိုးမြှင့် ပျားနဲ့ ပျားထွက်ပစ္စည်း၊ နို့နဲ့ နို့ထွက် ပစ္စည်း၊ အသားနဲ့ အသားထွက် ပစ္စည်း၊ သားရေထုတ်ကုန်တွေနဲ့ တိရစ္ဆာန်ကထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ သဘာဝမြေဩဇာတွေ၊ ပြည်တွင်း ဖြစ် အရည်အသွေးမြင့် တိရစ္ဆာန် စပ်စာတွေကို ပြသထားပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ မွေးမြူရေး ကျင့်စဉ်တွေ၊ မွေးမြူရေးစာအုပ်တွေ၊ မွေးမြူရေးပညာပေး လက်ကမ်း စာစောင်တွေနဲ့ မျိုးမြှင့်သားစပ် ကိရိယာတွေလည်း ထည့်သွင်း ပြသထားပါတယ်။
ကျွန်တော်တို့ ဌာနအနေနဲ့ GAHP နဲ့အညီ မွေးမြူနိုင်ဖို့ SOPs တွေ ထုတ်ပြန်ခြင်း၊ သင်တန်းပေး ခြင်း၊ စည်းရုံးတိုက်တွန်းခြင်း၊ လိုက်နာဖို့အကြံပြုခြင်း စတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆောင် ရွက်ရပါတယ်။ ပြီးတော့ တိရစ္ဆာန် နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေရဲ့ အသား စံချိန်စံညွှန်းတွေကိုလည်း အမျိုးသား စံချိန်စံညွှန်းကောင်စီ ကို တင်ပြဆောင်ရွက်ခဲ့ပြီး စံချိန် စံညွှန်းလေးမျိုးကို အတည်ပြု ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကိုလည်း ပြသ ထားပါတယ်။ ဒါကြောင့် မွေးမြူရေးနည်းပညာ၊ ထုတ်ကုန်ဆိုင်ရာ အသိပညာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ပြခန်းကို လာရောက်လေ့လာကြပါ။ ပြီးတော့ မွေးမြူရေးကဏ္ဍနဲ့ ပတ်သက်တာတွေကို သိရှိ လိုသမျှ ဆက်သွယ်မေးမြန်းနိုင်ပါ တယ်လို့ ပြောကြားလိုပါတယ်။
ဦးဝင်းဦး
ညွှန်ကြားရေးမှူး၊
စိုက်ပျိုးရေးဦးစီးဌာန
ပြခန်းမှာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက အထွက်ကောင်း၊ အရည်အသွေးကောင်း စပ်မျိုး နေကြာ၊ နှမ်း၊ ပဲပုပ်နဲ့ ပြောင်း တို့ကို ပြသထားပါတယ်။ ပြီးတော့ အထူးအထွက်တိုးစပါး အောင်နိုင် တိုးစပါးမျိုး၊ ရာသီမရွေးစိုက်ပျိုး နိုင်တဲ့ ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂၊ ရေဆင်း အင်းမ-၁ စပါးမျိုးများ၊ အထွက် ကောင်း၊ အရည်အသွေး ကောင်းတဲ့ ဝိုင်ကေကျူအာ-၀၁၊ ဝိုင်ကျူအာ -၁၁ စပါးမျိုးတွေရဲ့ ဆန်ချော ထုတ်ကုန်တွေကိုလည်း ပြသထား ပါတယ်။
ပြီးတော့ သဘာဝမြေဩဇာ ထုတ်လုပ်မှု နည်းပညာပေးလုပ်ငန်းတွေ၊ သီးနှံကာကွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း တွေ၊ တမာပိုးသတ်ဆေးနဲ့ တမာကြိတ်ဖတ် မြေဩဇာ၊ ဥကပ်ပါး နကျယ် (နဂျီ)၊ ဝါသီးနှံနဲ့ ပိုးချည်ဆိုင်ရာ နည်းပညာ ပေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ရော်ဘာသီးနှံဆိုင်ရာ နည်းပညာပေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ကော်ဖီသီးနှံဆိုင်ရာ နည်းပညာ ပေးဝန်ဆောင်မှု လုပ်ငန်းတွေကို ကဏ္ဍအလိုက် စုံစုံလင်လင်ပြထား ပါတယ်။
ကျွန်တော်တို့ ဌာနအနေနဲ့ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းတွေ လိုက်နာကျင့်သုံးရေး နည်းပညာတွေကို စိုက်ပျိုး ထုတ်လုပ်သူတွေဆီ ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဒီလုပ်ငန်းစဉ်လည်း ပြခန်းမှာ ပါရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ဌာနက အော်ဂဲနစ်စိုက်ပျိုးရေးအတွက် မြန်မာ့အော်ဂဲနစ် စံချိန် စံညွှန်းကို ထုတ်ပြန်ထားရှိပြီး ဖြစ်ပြီးတော့ ဒါတွေနဲ့ ပတ်သက် ပြီးတော့လည်း လေ့လာနိုင်ပါ တယ်။ ဒါကြောင့် စိုက်ပျိုးရေး ကဏ္ဍနဲ့ ပတ်သက်တဲ့ နည်းပညာ၊ အသိပညာအားလုံးကို အခုပြခန်းမှာ စေ့စေ့စုံစုံ ပြသထားတာမို့ လာရောက် လေ့လာကြပါလို့ ဖိတ်ခေါ်လိုပါတယ်။ ပြီးတော့ သိရှိလိုတာတွေကိုလည်း မေးမြန်းနိုင် ပါတယ်။
ဦးကျော်စိုး
ညွှန်ကြားရေးမှူး၊
စက်မှုလယ်ယာဦးစီးဌာန
ကျွန်တော်တို့ ဝန်ကြီးဌာန ပြခန်းမှာ စက်မှုလယ်ယာဦးစီးဌာနက အင်ဂျင်ပါဝါသုံး ခြောက်တန်းသွား လက်ဆွဲ ကောက်စိုက်စက်၊ လက်ဆွဲစပါးမျိုးစေ့ချ ကိရိယာ ရှစ်တန်း စတဲ့လယ်ယာသုံး စက်ကိရိယာတွေနဲ့ လေပေးသွင်း ပြီး မြေဆွေးပြုလုပ်တဲ့ သဘာဝ မြေဆွေးကန် ပုံစံငယ်ကို အဓိက ပြသထားပါတယ်။ တောင်သူတွေ စပါးပျိုးရာမှာ နည်းစနစ်တကျ စိုက်ပျိုးနိုင်ဖို့နဲ့ လယ်ယာလုပ်သားရှားပါးမှု အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ လက်ဆွဲကောက်စိုက်စက်နဲ့ လက်ဆွဲမျိုးစေ့ချ ကိရိယာတွေကို ကျွန်တော်တို့ဦးစီးဌာနက ရည်ရွယ်ထုတ်လုပ်ထား ခြင်း ဖြစ်ပါတယ်။
ဒီလိုဌာနက ထုတ်လုပ်ထားတဲ့ လက်ဆွဲကောက်စိုက်စက် ဒီဇိုင်း ကို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာရှိတဲ့ စက်မှုလုပ်ငန်း ရှင်တွေကို နည်းပညာဖြန့်ဝေပေး ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဒီစက် တွေ ရဲ့ အစိတ်အပိုင်းတွေကိုလည်း ဌာနက ထုတ်လုပ်ပံ့ပိုးပေးခဲ့ပါ တယ်။ အစိတ်အပိုင်း ၅၂၈ မျိုး ပံ့ပိုးပေးခဲ့ပြီးဖြစ်ပါတယ်။ လက်ဆွဲမျိုးစေ့ချ ကိရိယာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ အပ်နှံလာတဲ့ အရေအတွက် အတိုင်း ဌာနကထုတ်လုပ်ဖြန့်ဖြူး ပေးခဲ့ရာမှာ စုစုပေါင်း ၁၄၃၉၃ ခု ကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
တောင်သူတွေအနေနဲ့ လယ်ယာ ထွက်ကုန် အကြွင်းအကျန်တွေကို အသုံးပြုပြီး သဘာဝမြေဆွေးတွေ အလွယ်တကူ ကိုယ်တိုင်ထုတ်လုပ် နိုင်ဖို့အတွက် လေပေးပြီးတော့ ဆွေးမြည့်စေတဲ့ သဘာဝမြေဆွေး ကန် ပုံစံငယ်ကိုလည်း ပြခန်းမှာ ပြသထားတာမို့ လာရောက် လေ့လာပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ ပြီးတော့ ကောက်ရိုးတွေ၊ သစ်ရွက် စိမ်းတွေနဲ့ တိရစ္ဆာန်အညစ်အကြေးတွေကို အသုံးပြုပြီး သဘာဝ မြေဆွေးတွေကို ထုတ်လုပ်နိုင်တဲ့ နည်းပညာကို တောင်သူတွေ သိရှိ စေဖို့ ပြသထားပါတယ်။
ဒေါ်နေခြည်ချိုလင်း
ဦးစီးအရာရှိ၊
ငါးလုပ်ငန်းဦးစီးဌာန
ကျွန်မတို့ ဦးစီးဌာနအနေနဲ့ ငါးပုစွန်တွေကနေ ထုတ်လုပ်ထား တဲ့ MSME ထုတ်ကုန် အမျိုးအစား ၃၉ မျိုးနဲ့ တန်ဖိုးမြှင့်ထုတ်ကုန် ၁၆ မျိုး စုစုပေါင်း ထုတ်ကုန် ၅၅ မျိုး ပါဝင်ပြသထားရှိပါတယ်။ ဒီလို ပြသရာမှာ ရေချို MSME ထုတ်ကုန် ထုတ်လုပ်မှု လုပ်ငန်းစဉ်အနေနဲ့ ငံပြာရည်၊ ငါးအသားချဉ်၊ ငါး အကောင်ချဉ်နဲ့ ငါးရံ့ခြောက် ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့် ဆင့်၊ ရေငန် MSME ထုတ်လုပ်မှု လုပ်ငန်းစဉ်အနေနဲ့ မျှင်ငါးပိ၊ ငါးပိထောင်း၊ ငါးမုန့်၊ ကင်းမွန် ပြုတ်ခြောက် ထုတ်လုပ်မှုလုပ်ငန်း စဉ်အဆင့်ဆင့်ကို ပြသထားပါတယ်။
ပြီးတော့ မွေးမြူရေး MSME ထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းစဉ် အနေနဲ့ အေးခဲရေငန်ပုစွန်ဖြူ၊ ကဏန်းပျော့၊ ပုစွန်ပြုတ်ခြောက်၊ အေးခဲ ငါးမြစ်ချင်းကျော်ခွဲ ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ် မှုအနေနဲ့ ငါးအသားချောင်း ပေါင်မုန့်ကပ်၊ ငါးအသားပြား၊ ငါးအသားလုံး၊ ငါးကြိတ်သား ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့် ဆင့် ပြုလုပ်ပုံတွေကို Vinyl နဲ့ ထုတ်ကုန်တွဲဖက် ခင်းကျင်းပြသ ထားပါတယ်။ ပြီးတော့ ငါးဖမ်း ဆီးမှုနဲ့ ငါးမွေးမြူရေးဆောင်ရွက် မှုတွေကို ပုံစံငယ်ပြကွက်တွေနဲ့ ခင်းကျင်းပြသထားရှိပါတယ်။
အခုပြပွဲမှာ ကျွန်မတို့ ဦးစီးဌာန အနေနဲ့ MSME အထောက်အကူပြု ရေလုပ်ငန်းဆိုင်ရာ နည်းပညာနဲ့ ထုတ်ကုန်ပစ္စည်းတွေ ပါဝင်ပြသ ခြင်းအားဖြင့် လုပ်ငန်းရှင်တွေ နည်းစနစ်မှန်မှန်နဲ့ ဘေးအန္တရာယ် ကင်းရှင်းစွာ ထုတ်လုပ်လာနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် MSME ထုတ်ကုန်တွေ စျေးကွက်ချဲ့ထွင် နိုင်မယ့် အခွင့်အရေးတွေရရှိစေဖို့ လည်း ရည်ရွယ်ပါတယ်။ အဓိက တော့ MSME လုပ်ငန်းရှင်တွေကို အထောက်အကူပြုနိုင်ဖို့ အားလုံး စုစည်းပြသကြတာဖြစ်ပါတယ်။ ပြခန်းတွေကတစ်ဆင့် နည်းပညာ သစ်တွေ၊ အကြံဉာဏ်သစ်တွေ ရရှိနိုင်မယ်၊ ဖလှယ်နိုင်မယ်၊ သိရှိ လိုတာတွေကိုလည်း မေးမြန်းနိုင် ပါတယ်၊ ဒါကြောင့် ကြည့်ရှုလေ့လာရင်း အကျိုးကျေးဇူးတွေ အများကြီးရရှိစေမှာမို့ လာရောက် ကြပါလို့ ဖိတ်ခေါ်လိုပါတယ်။
တွေ့ဆုံမေးမြန်း-ဝင်းဝင်းမင်း
ဓာတ်ပုံ-သန်းမင်းအောင်