ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တည်ဆောက်

(၂၀) ရာစု ပြည်ထောင်စုကိုတည်ဆောက်ခဲ့ရာ၌ ညီညွတ်ရေးသည် အရေးအကြီးဆုံးဖြစ်သည်။ (၂၁) ရာစု ပြည်ထောင်စုကို တည်ဆောက်ရာ၌ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် အရေးအပါဆုံးဖြစ်သည်။ (၂၀) ရာစုခေတ်က လွတ်လပ်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး သွေးစည်းညီညွတ်ရေးကို အခိုင်အမာတည်ဆောက်နိုင်ခဲ့သည်။ (၂၁) ရာစုခေတ်တွင် ပြည်ထောင်စုအတွက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို တည်ဆောက်နေကြသည်။

 

လွတ်လပ်ရေးအတွက်ဖြစ်စေ၊ ငြိမ်းချမ်းရေးအတွက်ဖြစ်စေ၊ ဖွံ့ဖြိုးရေးအတွက်ဖြစ်စေ ညီညွတ်ရေးသည် ပြည်ထောင်စုကြီး ကောင်းရာကောင်းကျိုးအတွက်ဆိုလျှင် မည်သည့်အရေးကိစ္စတွင်မဆို အရေးကြီးပေသည်။ ဤညီညွတ်ရေးသည် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်သည် ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ တိုင်းရင်းသားပြည်သူအားလုံး တစ်စိတ်တစ်ဝမ်းတည်း၊ တန်းတူ ညီမျှ အေးအတူပူအမျှ အတူတကွနေထိုင်နိုင်ကြရမည်ဟူသည့် ခံယူချက်လည်း ဖြစ်သည်။

 

ဤပြည်ထောင်စုစိတ်ဓာတ်အဆိုသည် တရားမျှတလျော်ကန်သင့်မြတ်သည့် အားလုံးထာဝရလိုက်နာကျင့်သုံး အပ်သော သဘောတရားဖြစ်သည်။ ဤပြည်ထောင်စုစိတ်ဓာတ် အမှန်တကယ်ထွန်းကားပါလျှင် တိုင်းပြည်လည်း ငြိမ်းချမ်းသာယာဝပြောမည်မှာ သေချာပါသည်။ ပြည်ထောင်စုနိုင်ငံတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အဓိက အကျဆုံးအနှစ်သာရဖြစ်ပါသည်။ ဤစိတ်ဓာတ်သာထားရှိနိုင်မည်ဆိုပါက ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး တို့သည် ကျွဲကူးလျှင်ရေပါသလို အတူလိုက်ပါဖြစ်ထွန်းမည်ဖြစ်သည်။

 

(၂၀) ရာစုခေတ်က ဤပြည်ထောင်စုစိတ်ဓာတ်ထားရှိသောကြောင့် လွတ်လပ်ရေးအောင်ပန်းကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့သည်မဟုတ်ပါလော။ တိုင်းရင်းသားအားလုံးတို့သည် ပြည်ထောင်စုစိတ်ဓာတ်ထားရှိကြပြီး ယုံကြည်မှု အပြည့်အဝတည်ဆောက်ကြသဖြင့် လွတ်လပ်သောနိုင်ငံတော်ကြီး ပေါ်ပေါက်ခဲ့သည်မဟုတ်ပါလော။ လွတ်လပ်သောနိုင်ငံတော်ကြီး ပေါ်ပေါက်ပြီးနောက် ငြိမ်းချမ်းရေးမတည်ဆောက်နိုင်သည်မှာ ပြည်ထောင်စု စိတ်ဓာတ်ကို မတည်ဆောက်နိုင်ခြင်းကြောင့်ဟု ဆိုရမည်။ ယင်းတို့သည် ပြည်ထောင်စုကြီးအနာဂတ်အတွက် ထုတ်ဖော်လိုသည့်မေးခွန်းများ ဖြစ်သည်။

 

ဆိုခဲ့သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ထားရှိကြမည်ဆိုပါက ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ ငြိမ်းချမ်းသာယာဖွံ့ဖြိုးခြင်းတို့ကို အားလုံးအတူတကွ တန်းတူညီမျှရရှိခံစားနိုင်ကြရေးကို နိုင်ငံတော်အနေဖြင့် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားများကလည်း ပြည်ထောင်စုစိတ်ဓာတ် ထားရှိကြပြီး နိုင်ငံတော်ကလည်း တန်းတူညီမျှဖွံ့ဖြိုးရေးကို ဆောင်ကြဉ်းပေးနိုင်ပါလျှင် ပြည်ထောင်စု၏ မည်သည့် နေရာဒေသတွင်မဆို အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး လုံခြုံစိတ်ချ အာမခံမှုအပြည့်ရှိသည့် လူမှုစီးပွားဘဝများကို ရရှိပိုင်ဆိုင်ကြပြီး စိတ်ချမ်းသာလန်းဖြာကြကာ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာမည်ဖြစ်သည်။

 

ယနေ့ကာလတွင် နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်နိုင်ရန် ပုံဖော်လမ်းခင်း ပေးလျက်ရှိသည်။ ဖွံ့ဖြိုးတိုးတက်မှုများကို အကြားအလပ်မရှိအောင် ရှာဖွေဖော်ထုတ် အကောင်အထည်ပေါ်အောင် ကြိုးစားအားထုတ်လျက်ရှိသည်။ တိုင်းရင်းသားများအားလုံး ပြည်ထောင်စုစိတ်ဓာတ်ထားရှိနိုင်ရေးသည် အရေးကြီး သည်။ ယုံကြည်မှုဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်ကြရမည်ဖြစ်သည်။ သူ့မယုံ၊ ကိုယ့်မယုံ ယုံကြည်မှုကို မတည်ဆောက်နိုင်လျှင် ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်းရေး၊ တန်းတူညီမျှ ဖွံ့ဖြိုးရေး၊ တန်းတူညီမျှခံစားရေးတို့ အလှမ်းဝေးနေဦးမည်။

ဤပြည်ထောင်စုစိတ်ဓာတ် ခိုင်မာအားကောင်းမှုကြောင့် တိုင်းရင်းသားလူမျိုးတို့အား နယ်ချဲ့တို့က အမျိုးမျိုး အဖုံဖုံသွေးခွဲသော်လည်း သွေးမကွဲဘဲစည်းလုံးညီညွတ်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ စည်းလုံးညီညွတ်ရေးကို အထင်အရှားပြသသည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ သည်။ ဤအောင်မြင်မှုသည် ပြည်ထောင်စုစိတ်ဓာတ်ကို အခိုင်အမာတည်ဆောက်နိုင်သောကြောင့် ရရှိလာခြင်း ဖြစ်သည်။

 

သို့ဖြစ်ရာ လွတ်လပ်ရေး ရယူရေး၊ လွတ်လပ်ရေး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးဆောင်ရွက်ရေး စသည့်တိုင်းပြည်အတွက် အရေးကြီးကိစ္စအဝဝတို့ကို ဆောင်ရွက်ရာ တွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရေးအပါဆုံးဖြစ်သည်။ မည်သည့်နေရာ၊ မည်သည့်အချိန်ကာလတွင်မဆို ပြည်ထောင်စုစိတ်ဓာတ်သည် ပြည်ထောင်စု သားအားလုံး ဘဝရှင်သန်မှု၊ ဘဝပျော်ရွှင်ချမ်းမြေ့မှုခွန်အားဖြစ်စေသည်။ ပြည်ထောင်စုစိတ်ဓာတ် အားလုံးထားရှိနိုင်မှသာအားလုံးမျှဝေခံစားနိုင်မည့် ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ရှုမြင်ကြရမည်ဖြစ်သည်။   ။

ကြေးမုံ