ပြည်ထောင်စုမူလရန်ပုံငွေ ကျပ်သန်း ၁၀၀၀၀ ကျော်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်း/တံတားများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ပေးသွားမည်

မုံရွာ ၉ ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လုပ်ဆောင်နေသကဲ့သို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုမူလရန်ပုံငွေမှ ငွေကျပ် ၁၀၆၅၀ ဒသမ ၄၈၁ သန်း အကုန်အကျခံ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းထွေး၏ ပြောကြားချက်အရ သိရသည်။

ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းခင်းကျင်းခြင်းကဏ္ဍတွင် စုစုပေါင်းအရှည် (၁၁၀.၇၂၈) ကီလိုမီတာရှိ လမ်းမျိုးစုံကို ငွေကျပ်(၅၆၈၆.၂၁၈)သန်း အကုန်အကျခံပြီး လည်းကောင်း၊ တံတားတည်ဆောက်ခြင်း ကဏ္ဍတွင် စုစုပေါင်းအရှည် (၂၄၂၉.၈၃)မီတာရှိ တံတားမျိုးစုံ (၉၂)စင်းကို ငွေကျပ် (၄၉၆၄.၂၆၃)သန်းဖြင့် လည်းကောင်း ယခုဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပေးသွားမည်ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ခင်းကျင်းဖောက်လုပ်ပေးမည့် လမ်းများအဖြစ် ကွန်ကရစ်လမ်းအရှည် (၁၈.၀၄၉)ကီလိုမီတာအား လည်းကောင်း၊ ကတ္တရာလမ်းအရှည် (၁၃.၆၀၂)ကီလိုမီတာ၊ ကျောက်ခင်းလမ်းအရှည် (၁၀.၈၆၉)ကီလိုမီတာအား လည်းကောင်း၊ ဂျင်းမြေခင်းလမ်း အရှည်(၉.၆၅၅)ကီလိုမီတာအား လည်းကောင်း၊ မြေသားလမ်းဖောက်လုပ်ခြင်း အရှည်(၅၈.၅၅၃)ကီလိုမီတာအား လည်းကောင်း ခင်းကျင်းပေးသွားမည်ဖြစ်သည်။

ထို့အပြင် တံတားကဏ္ဍတွင် စုစုပေါင်းအရှည် (၁၈၀၇.၆၅)မီတာရှိ ကွန်ကရစ်တံတား (၃၉)စင်းအား လည်းကောင်း၊ စုစုပေါင်းအရှည် (၅၅၅.၅)မီတာရှိ ရေကျော် (၉)စင်းအားလည်းကောင်း၊ စုစုပေါင်းအရှည် (၆၆.၆၈) မီတာရှိ Box Culvert (၄၄)စင်းအားလည်းကောင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)