ပြည်ထောင်စုညီညွတ်မှု အင်အားမှသည် •••

 

လွတ်လပ်ရေးရပြီးသည့်နောက် မြန်မာနိုင်ငံကို မည်သို့ထူထောင်ကြမလဲဆိုသည်နှင့် ပတ်သက်၍ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းက “ စီးပွားရေးတိုးတက်မှုကို စုပေါင်းပြီး စနစ်တကျ စီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုးဖြစ်ရလိမ့်မယ်။ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သားအများဆုံး တိုးတက်မှုကို လုပ်နိုင်မှာပဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်းကောင်ကျိုးရှိအောင်ပေါင်းကြတာဖြစ်ပြီး ဆိုးကျိုးရှိအောင် ပေါင်းတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။" ဟု ၁၉၄၇ခုနှစ် မေလ ၁၉ ရက် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံတွင် မိန့်ကြားခဲ့ ဖူးသည်။

ပြည်သူ့ကိုယ်စားလှယ်အများစုကို ရွေးချယ်တင်မြှောက်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မကြာမီရက်ပိုင်းတွင် လွှတ်တော်များကို ခေါင်းဆောင်ဖွဲ့စည်းတော့မည်။ နောက်သက်တမ်းအတွက် အစိုးရအဖွဲ့သစ်ကို ဦးဆောင်ဖွဲ့စည်းတော့မည် ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်များကစ ယှဉ်ပြိုင်သမျှ ရွေးကောက်ပွဲတိုင်းတွင် ပြည်သူလူထုအများစုက တစ်ခဲနက်ထောက်ခံအားပေးခဲ့သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် အမျိုးသားရင်ကြားစေ့ရေးဟူသည့် မူဝါဒကို အစအဦးကာလကတည်းက ယုံယုံကြည်ကြည် ကြိုးစားထူထောင် နေခဲ့ခြင်းဖြစ်၏။ အမျိုးသားရင်ကြားစေ့ရေး ဟူသည် တိုင်းပြည်ကောင်းကျိုးဖြစ်အောင် ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ကြရန်ကို အခြေခံခြင်းဖြစ်ပါသည်။ နိုင်ငံကောင်းကျိုးကို ပြည်သူလူထု

ကောင်းကျိုးကို အမှန်တကယ်လိုလားစိတ်ဖြင့် အတူလက်တွဲကြရန် အားထုတ်ခြင်းဖြစ်ပါသည်။ ပြည်ထောင်စုညီညွတ်ရေးကို အင်အားအဖြစ်မှတ်ယူကာ အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

အာဏာရှင်စနစ်ကို တော်လှန်ပုန်ကန် အုံကြွမှုကြီးများဖြင့်အောင်မြင်မှုများ တစ်စတစ်စရရှိလာသည့် ယနေ့လိုအချိန်တွင် နိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး၏ ညီညွတ်ရေးသည် အလွန်အရေး ကြီးပါသည်။ ဖိနှိပ်ချိုးနှိမ်မှုများအောက်တွင် လူမျိုးစုများအားလုံး သွေးစည်းညီညွတ်မှုအင်အားဖြင့် အုံကြွကြ တော်လှန်ပုန်ကန်ကြခြင်းဖြင့် အာဏာရှင်၏ အဖိနှိပ်ခံများအားလုံး လက်ချင်းခိုင်ခိုင်တွဲခဲ့ကြသည်ကို ဒီမိုကရေစီအရေးတော်ပုံကြီးကသက်သေပြခဲ့ပြီးဖြစ်သည်။ အာဏာရှင်စနစ် အလိုမရှိ၊ ဒီမိုကရေစီရရှိရေး တို့အရေး ဟူသည့် ကြွေးကြော်သံများသည် တိုင်းနှင့်ပြည်နယ် အားလုံးတွင် ဘဝဂ်ညံသည့်တိုင် ညီညီညာညာ ဟစ်အော်ခဲ့ကြခြင်းဖြစ်သည်။

ယနေ့ လွှတ်တော်များ၊ အစိုးရအဖွဲ့အစည်းများကို ပြည်သူ့ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းလာနိုင်သည့် အခြေအနေအထိ ရောက်ခဲ့သည်မှာ ပြည်သူလူထု၏ညီညွတ်မှုအင်အားဖြင့်ဖြစ်သည် ဟု ရဲရဲဝံ့ဝံ့ဆိုနိုင်ပါသည်။ ထိုညီညွတ်မှု၊ တွဲလက်မြဲမြဲမှုတို့ကို ဖြုတ်ပစ် လို့မရ။ ဒီမိုကရေစီအုတ်မြစ်မခိုင်မာခင် ပြိုလဲစေလိုသည့် အင်အားစု တို့က ယနေ့တိုင်ရှိနေဆဲ။ အရည်တည်ခါစ ဒီမိုကရေစီ အဖူးအငုံကို ပွင့်အာမွှေးပျံ့မလာစေလိုသူတို့က အဆိပ်ငွေ့ကြဲကာ ခူးဆိတ်ချိုးဖဲ့ရန် အားထုတ်နေကြဆဲဖြစ်သည့်အတွက် ပြည်ထောင်စုသားအားလုံးတို့၏ ညီညွတ်ရေးအင်အား အစဉ်ဆက်လက် ခိုင်မာမြဲမြဲနေရန်လိုပါသည်။ ညီညွတ်ရေးဟူသည် ဆုံးခန်းတိုင်သွားသည့် လုပ်ငန်းမျိုးမဟုတ်ဘဲ၊ အစဉ်အမြဲ ဆက်လက်သယ်ဆောင်သွားရမည့် အလံဖြစ်ပါသည်။

ဒီမိုကရေစီအုတ်မြစ် ခိုင်မာပြီးသည့်နောက် ပြည်ထောင်စု တစ်ခုလုံး တိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်ထောင်စုသားအားလုံး ခွင့်တူညီမျှ မြင့်မားတိုးတက်ရေးအတွက် တည်ဆောက်ကြရာတွင်လည်း ပြည်ထောင်စုသားတို့၏ ညီညွတ်ရေးမရှိဘဲ မဖြစ်နိုင်ပါ။

ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာအလယ်တွင် မားမား မတ်မတ်နှင့် ဂုဏ်သိက္ခာရှိရှိရပ်တည်ကာ တည်တံ့ရေးဆိုသည်မှာလည်း ပြည်ထောင်စုသားတို့၏ညီညွတ်ရေးအင်အားဖြင့်သာ တည်ဆောက်နိုင် မည်ဖြစ်ပါသည်။

ဒီမိုကရေစီပန်းတိုင်အရောက်ချီရာတွင်လည်းကောင်း၊ ဒီမိုကရေစီ တည်တံ့ရေးတွင်လည်းကောင်း၊ ပြည်ထောင်စု အမှန်တကယ် တည်တံ့ ခိုင်မြဲရေးသည်လည်းကောင်း ပြည်သူ့အင်အားဖြင့်သာ ထူထောင်နိုင် မည်၊ ပြည်ထောင်စုညီညွတ်ရေးစိတ်ဓာတ်ဖြင့်သာ တည်ဆောက်နိုင် မည်ဟု ယုံကြည်ပါကြောင်း။ ။

မြန်မာ့အလင်း