ပြည်ထောင်စုတိုင်းရင်းသား စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ပထမနှစ်သင်တန်းတက်ရောက်မည့် သင်တန်းသား/သင်တန်းသူများ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

ဟားခါး ၆ နိုဝင်ဘာ

 

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်သန်း အမှတ်စဉ် (၇)နှင့် ပြည်ထောင်စုတိုင်းရင်းသား စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ပထမနှစ်သင်တန်း တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများ ပြည်နယ်ဝန်ကြီးချုပ်ထံမှ သြဝါဒခံယူပွဲ အခမ်းအနားကို နိုဝင်ဘာ ၅ရက် နံနက် ၇ နာရီခွဲက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ သင်တန်းသား/သင်တန်းသူ တစ်ဦးချင်းမိတ်ဆက်တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား/သင်တန်းသူများအား သြဝါဒ အမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် သည် တိုင်းရင်းသားလူငယ်မောင်မယ်များကို မိမိဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် အစဉ်ကင်းအောင်းသည့် ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးသည့် အစဉ်အလာကောင်းများ ရှိကြောင်း၊ မိမိတို့တက်ရောက်ရမည့် ကျောင်းများမှချမှတ်ထားသော စည်းကမ်းများကိုလိုက်နာပြီး တိုင်းရင်းသားအချင်းချင်း တစ်ဦးပေါ်တစ်ဦးလေးစားမြတ်နိုးတန်ဖိုးကာ မိမိပြည်နယ်ဂုဏ်ဆောင်သော ခေါင်းဆောင်များအဖြစ် ကြိုးစားကြရန် မှာကြားလိုကြောင်း ထည့်သွင်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား/သင်တန်းသူများအားဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ သင်တန်းသားတစ်ဦးမှ လက်ခံသည်။

 

ချင်းပြည်နယ်မှ (၂၀၁၈-၂၀၁၉)ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်သန်း အမှတ်စဉ် (၇)တွင် သင်တန်းသား/သင်တန်းသူ (၁၆)ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသား စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တွင် သင်တန်းသား/သင်တန်းသူ (၂၇)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)