နေပြည်တော်   ဖေဖော်ဝါရီ  ၇

 

မြန်မာနိုင်ငံ၏ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့ မွန်းလွဲပိုင်း တွင် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်း မှုများနှင့်စပ်လျဉ်းသည့် အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ ကောင်စီဝန်ကြီးများ အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်သည်။

 

အစည်းအဝေးတွင် စင်ကာပူနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Gan Kim Yong က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိဖြစ်သူ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာလာမျိုးညွန့်၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဝန်ကြီးများသည် ၂၀၂၅ ခုနှစ်၊ မတ်လ၌ အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ်အဆင့်မြှင့်တင်ခြင်းညှိနှိုင်းမှုများ အပြီးသတ်နိုင်ရေးအတွက် လမ်းညွှန်ချက်ပေးရန် ကိစ္စရပ်များ၊ အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ် ဒုတိယအခြေပြစာချုပ် ချုပ်ဆိုရေး အတွက် ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းကြသည်။

 

အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ၂၀၂၂ ခုနှစ် မတ်လတွင်စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ်မတ်လတွင် အပြီးသတ်ရန် အာဆီယံနိုင်ငံများက ရည်မှန်း ထားကြောင်း သိရသည်။

(သတင်းစဉ်)