ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ကဏ္ဍပေါင်းစုံတွင် လုပ်ကိုင်နေကြသည့် လူငယ်ပညာရှင်များနှင့် တွေ့ဆုံပြီး လူငယ်နှင့် ရုပ်ရှင်ဆိုင်ရာဆွေးနွေးပွဲများသို့ တက်ရောက်

ရန်ကုန် ၁၁  နိုဝင်ဘာ 

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့  ဗဟန်းမြို့နယ်၊ ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍအသီးသီးတွင် တာဝန်ယူဆောင်ရွက် နေကြသည့်  လူငယ်ပညာရှင်များနှင့် တွေ့ဆုံသည်။ ထို့နောက် ဗဟန်းမြို့နယ် အမှတ်(၅၀) ရွှေတောင်ကြားလမ်းရှိ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (Myanmar Film Development Centre) ၌ ကျင်းပသည့်  လူငယ်တို့၏ရုပ်ရှင် အတွေးအမြင်များ ဆွေးနွေးပွဲ နှင့် ကလေးများ အတွက် မြန်မာ Animation ရုပ်ရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ သို့တက်ရောက် အမှာစကားပြောကြားသည်။

 

ကဏ္ဍအသီးသီးတွင် တာဝန်ယူဆောင်ရွက်နေကြသည့် ကိုဉာဏ်သာမော်လင်း အပါအဝင် လူငယ်ပညာရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက    ယနေ့တွေ့ဆုံသည့် လူငယ်များသည် နိုင်ငံရပ်ခြားတွင် ပညာသင်ကြား လာခဲ့သူများဖြစ်ပြီး  နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ကုမ္ပဏီလုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်နေသည့်အတွက် မိမိတို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် စိတ်ကူးစိတ်သန်းများ များစွာရှိမည်ဖြစ်ကြောင်း၊ လက်ရှိအနေအထားတွင် အဆင်မပြေမှုများ ၊ ဝေဖန်ထောက်ပြချင်သည်များ ၊ ပြုပြင်ပြောင်းလဲရန် အကြံပြု ချင်သည်များ ရှိနေမည်ဖြစ်ကြောင်း၊   ထိုအရာများကို နားထောင်ရပါက တန်ဖိုးရှိမည် ဖြစ်သည့်အတွက် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မည်သည့်အစိတ်အပိုင်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်မည်၊  သို့မဟုတ် တန်ဖိုးရှိသည့် စိတ်ကူးစိတ်သန်းများ ပေါ်ထွက်လာ အောင် မည်သို့ လုပ်ပေးနိုင်မည် ဆိုသည့် သဘော မျိုးဖြင့်  တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးကြပါရန်  ဖိတ်ခေါ်ပါကြောင်း  ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့်  လူငယ်ပညာရှင်  ၁၁ ဦးတို့က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အခွင့်အရေးနှင့် ကြုံတွေ့ရ သည့် အခက်အခဲများ၊ ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ ဥပဒေတစ်ခု ဖြစ်လာရန် လုပ်ဆောင်သင့်သည့်အချက်များ၊ ရုပ်ရှင်တွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ ဖော်ပြရန် နည်းလမ်းများ စသည်တို့အပါအဝင်  အကြောင်းအရာစုံတို့ကို အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် နိုင်ငံတကာအတွေ့အကြုံနှင့် အတတ် ပညာများ ရရှိထားသော လူငယ်များအနေဖြင့် နိုင်ငံ့ရေးရာများတွင် ပါဝင်ဆောင်ရွက် ခြင်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပေးနိုင်သကဲ့သို့ မိမိတို့တစ်ဦးချင်းအတွက်လည်း တိုးတက်စေနိုင်မည်ဖြစ်သဖြင့် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။  

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လူငယ်တို့၏ရုပ်ရှင်အတွေးအမြင်များ ဆွေးနွေးပွဲ နှင့် ကလေးများအတွက် မြန်မာ Animation ရုပ်ရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ၊ ဝဿန်ရုပ်ရှင်ပွဲတော် ပရိုဂရမ် ဒါရိုက်တာ ၊ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။

 

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတကာ ရုပ်ရှင် ကျောင်းများမှ အတွေ့အကြုံများနှင့် လူငယ်တို့၏ ရုပ်ရှင်အတွေးအမြင်များ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဝဿန်ရုပ်ရှင်ပွဲတော် ပရိုဂရမ်ဒါရိုက်တာ ဦးသိဒ္ဓိ က ဦးဆောင် ဆွေးနွေးပြီး  နိုင်ငံတကာရုပ်ရှင်ကျောင်းများတွင် ရုပ်ရှင်ဆိုင်ရာ ပညာရပ်များကို လေ့လာဆည်းပူးခဲ့ကြသူများဖြစ်သော မောင်ပညာဇေယျ၊ မောင်အောင်ဖြိုး၊ မမိုးမြတ်မေဇာကြည်တို့က ပါဝင် ဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် ကလေးများအတွက် မြန်မာ Animation ရုပ်ရှင်များ ဖွံ့ဖြိုးတိုး တက်လာစေရေးစကားဝိုင်းဆွေးနွေးပွဲတွင် ဝဿန်ရုပ်ရှင်ပွဲတော် ပရိုဂရမ် ဒါရိုက်တာ ဦးသိဒ္ဓိ က ဦးဆောင်ဆွေးနွေးပြီး  နိုင်ငံတကာရုပ်ရှင်ကျောင်းများတွင် ရုပ်ရှင်ဆိုင်ရာ ပညာရပ်များကို လေ့လာဆည်းပူးခဲ့ကြသူများဖြစ်သော    မောင်ဝဏ္ဏစိုး၊ မောင်ရဲဝင်း၊ မောင်နိုဘယ်အောင်၊ မဇူးထိုက် တို့က ပါဝင်ဆွေးနွေးကြသည်။

 

ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများက သိရှိလိုသည် များကို မေးမြန်းကြရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စကားဝိုင်း ဆွေးနွေး ပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများက ပြန်လည်ရှင်းလင် ဆွေးနွေးကြသည်။

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်များ၊ ရုပ်ရှင်နှင့်ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲ ရေးအဖွဲ့ဝင်များ၊ ရုပ်ရှင်ပညာရှင်များ၊ ယဉ်ကျေးမှုတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ များ၊ ရုပ်ရှင်သင်တန်းကျောင်းများမှ သင်တန်းသားများ၊ ရုပ်ရှင် ကြည့် ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ပြည်သာ ယာရိပ်သာ၊ အမှတ် (၅)  မြရတနာလမ်းရှိ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်း (Yangon Film School –YFS) သို့ ရောက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံခဲ့ သည်။

 

ရန်ကုန် ရုပ်ရှင်သင်တန်းကျောင်းသည် နိုင်ငံ၏ မီဒီယာအင်အားစုနှင့် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လူထုအတွင်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူပညာရှင်များ ပေါ်ထွန်းလာစေရန်၊ တိုင်းပြည် အသွင် ပြောင်းလဲ ရေးတွင် နည်းစနစ်ကျသော ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ပြောင်းလဲ လုပ်ဆောင်နိုင်ရန် ရည်ရွယ်လျက် ရုပ်ရှင်ဖန်တီးရိုက်ကူးသူ လင်ဆေး မယ်ရစ်ဆင် က ၂၀၀၅ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဘာလင်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ် ခုဖြစ်သည်။ သင်တန်းကျောင်းတွင် နိုင်ငံတကာမှ ဝါရင့်ရုပ်ရှင် ရိုက်ကူးသူများကို ဖိတ်ခေါ်ကာ  မြန်မာနိုင်ငံတစ်ဝန်းရှိ အတွေ့အကြုံအနည်းငယ်ရှိသူ နှင့် လုံးဝမရှိသူ လူငယ်များအတွက်   ရုပ်ရှင်ရိုက်ကူးခြင်းဆိုင်ရာ ပညာရပ်များကို ရှုထောင့်ပေါင်းစုံမှ လည်းကောင်း၊ အဓိကအနေဖြင့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးခြင်းကို လည်းကောင်း သင်ကြားပေးလျက်ရှိသည်။ 

 

(သတင်းစဉ်)