ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကော့သောင်းဘိုးဘွားရိပ်သာနှင့် မလိဝမ်းကျေးရွာရှိ ရွှေတောင်ဦးပရဟိတ ဂေဟာများသို့ သွားရောက်ထောက်ပံ့

ကော့သောင်း ၁ ဇန်နဝါရီ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ ကော့သောင်း ဘိုးဘွားရိပ်သာ၌ မသန်စွမ်းဘိုးဘွားများ အပါအဝင် ဘိုးဘွားများအတွက် အလှူငွေကျပ် ၃၁၀၀၀၀ နှင့် ခြုံစောင်များ၊ အသက် (၁၀၄)နှစ်ရှိ အဖွားအတွက် သီးခြားထောက်ပံ့မှုများ ဆောင်ရွက်သည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မလိဝမ်းကျေးရွာရှိ ရွှေတောင်ဦးပရဟိတဂေဟာရှိ မသန်စွမ်းကလေးများ အပါအဝင် ကလေးငယ်များအတွက် ထောက်ပံ့ငွေများ၊ အာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ပေးအပ်သည်။ 

အဆိုပါ ပရဟိတဂေဟာတွင် မွေးကင်းစနှင့် လသားအရွယ်များအပါအဝင် ရင်ခွင်မဲ့ ကလေး ၂၉၅ ဦးကို စောင့်ရှောက်ပေးလျက်ရှိပြီး ပြည်ထောင်စုဝန်ကြီးသည် ကလေးသူငယ်များ၏ အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်နိုင်ရန် ရှေးဦးအရွယ် ကလေးသူငယ်များ စနစ်တကျ ပြုစုပျိုးထောင်နိုင်ရေး၊ အစိုးရ၊ အခြားလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ပရဟိတဂေဟာဆရာတော် ဘဒ္ဒန္တဣန္ဒသာရအား လျှောက်ထားဆွေးနွေးခဲ့သည်။

(သတင်းစဉ်)