ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Toyo Eiwa Women's College, Japan မှ Mr.Saburo Takizawa ဦးဆောင်သော ဂျပန်လေ့လာရေးလူငယ်များ အဖွဲ့အားတွေ့ဆုံ 

နေပြည်တော် ၉ သြဂုတ် 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဂျပန်နိုင်ငံ၊ Toyo Eiwa Women's  College မှ Visiting Professor and Special Advisor For UNHCR ဖြစ်သူ Mr.Suburo Takizawa ဦးဆောင်သော ဂျပန်လေ့လာရေး ကျောင်းသား/ကျောင်းသူများ အဖွဲ့နှင့်  ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနရှိ ဦးစီးဌာန ၃ ခုမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ မူဝါဒများနှင့် ဥပဒေများ ချမှတ်ပြဌာန်းရေး ဆောင်ရွက်နေမှုများ၊ လူငယ်မူဝါဒများချမှတ်၍ လူငယ်များ၏ အခန်းကဏ္ဍများ ပိုမိုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက် နေမှုများ၊ တိုင်းဒေသနှင့် ပြည်နယ်အသီးသီးမှ လူငယ်များ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆန္ဒပြုသော လူငယ်မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊  မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ လူငယ်များ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို လူငယ်များ၏အတွေးသစ်၊ အမြင်သစ်များနှင့် စည်းလုံးညီညွတ်မှုဖြင့် ကျော်လွှားအောင်မြင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊  တရားဥပဒေ စိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင် ရေးကြိုးပမ်း ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူများ၏ မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုများနှင့် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အပေါ်ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။ 

    
ထို့နောက် M.Saburo Takizawa က မြန်မာနိုင်ငံသို့လေ့လာရေး ခရီးလာရောက်သည်မှာ (၇) ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ မိမိတို့ဂျပန်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကြီး ကြုံတွေ့ခဲ့ရသဖြင့် ယခုအချိန်ထိ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေရဆဲဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံသည် ကျွန်းနိုင်ငံဖြစ်သဖြင့် ယခင်က ဂျပန်လူမျိုးတစ်မျိုးသာ ရှိခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုအရ နိုင်ငံတကာမှ နိုင်ငံခြားသားများ ကျွန်းတိုင်းတွင် ရောက်ရှိနေသဖြင့် မြန်မာနိုင်ငံကဲ့သို့ပင် အနာဂတ်တွင် မတူကွဲပြားမှုဆိုင်ရာ ပြဿနာများ ဖြေရှင်းရနိုင်သည်ဟုယူဆမိကြောင်း၊ အနာဂတ်လူငယ်များသည် တိုင်းပြည်၏ အခက်အခဲများကို ဖြေရှင်းရာတွင် အဓိက အရေးပါ ပါကြောင်းနှင့် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေသအသီသီး၊ အလွှာအသီးမှ လူငယ်များနှင့် တွေ့ဆုံ၍ အတွေးအမြင်ဗဟုသုတ၊ အတွေ့အကြုံများဖလှယ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားသည်။ 

    
ဆက်လက်၍ ဂျပန်လူငယ်များနှင့်အဖွဲ့ဝင်များက မေးခွန်းများ မေးမြန်းကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ထုတ်လုပ်သည့် လက်မှုပစ္စည်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

    
ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် မြန်အောင်မြို့နယ်၊ မြို့ရွှေကျောင်း ပရဟိတမှ ဆရာတော်နှင့် အုပ်ချုပ်သူများခေါင်းဆောင်သော ပရဟိတကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၉၅)ဦး အဖွဲ့တို့သည် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လေ့လာရေးခရီးစဉ် လာရောက်ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ ပရဟိတ ကျောင်းသား/ ကျောင်းသူများနှင့် အုပ်ချုပ်သူများ၏ သိရှိလိုသောမေးခွန်းများနှင့် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးပေးသည်။ ထို့နောက် ပရဟိတ ဂေဟာအတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်းအားပေးအပ်ခဲ့ပြီး ပရဟိတကျောင်းမှ တိုင်းရင်းသား၊ တိုင်းရင်းသူများမှ ရိုးရာအကများဖြင့် ဖြေဖျော်ခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်

 

1