မြစ်ကြီးနား ဇန်နဝါရီ ၁၁

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ဧရာဝတီရိပ်သာ အစည်းအဝေးခန်းမ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းပါ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် တိုင်းရင်းသားရေးရာကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကို ဘဏ္ဍာရေး စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှု၊ မသမာမှုမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကို အထူးအလေးဂရုပြု လိုက်နာဆောင် ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက အားပေးစကားပြောကြားပြီး ဝန်ထမ်းများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တွေ့ကြုံရသည့်အခက်အခဲနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    

သတင်းစဉ်