ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပမှု တက်ရောက်အားပေး


နေပြည်တော် မေ ၄
(၅၉) ကြိမ်မြောက်‌ေ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။ 
ယနေ့တွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် (၁) မှ အတွဲအမှတ် (၂၀၀) အထိ ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ပုလဲအတွဲအမှတ် (၁) မှ အတွဲအမှတ် (၂၀၀) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၈၂ တွဲရောင်းချရကြောင်း ကြေညာသည်။
ယနေ့ရောင်းချခဲ့ရသည့် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေး သတ်မှတ်ထားရှိပြီး တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးချေနိုင်ကြောင်း သိရသည်။
ပြပွဲ တတိယနေ့တွင် ပုလဲအတွဲ အမှတ် (၂၀၁) မှ အတွဲအမှတ် (၄၀၀) အထိကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက် ရှိသည်။
ယခုကျင်းပသည့် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ မေ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ ၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်း ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်