နေပြည်တော်၊ ဖေဖော်ဝါရီ ၇
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပြည်ထောင်စုနယ်မြေ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ ယနေ့ နံနက်(၉)နာရီခွဲက နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ယင်း လူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းအချက် အလက်များကို နှိုင်းယှဉ်သုံးသပ်ကာ ပြည့်စုံမှန်ကန် သည့်မဲစာရင်းကို ပြုစုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ နှိုင်းယှဉ်သုံးသပ်မှုများအရ ရရှိလာသည့် အတည်ပြုလူဦးရေစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရာတွင် အချက် အလက်ကွဲလွဲမှုနှင့် မပြည့်စုံမှု၊ အချက်အလက်ထပ်နေမှုနှင့် မပါရှိမှုများမဖြစ်စေရေးအတွက် အောက်ခြေမြို့နယ် အဆင့်မှ စနစ်တကျ တိုက်ဆိုင်စိစစ်၍ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက စနစ်တကျပြန်လည်စိစစ် အတည်ပြုကာ သတ်မှတ်ရက်အရောက် ပေးပို့ကြရန် လိုအပ်ပါကြောင်း။
ယခုအခါ ဒေသအချို့၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ယာယီနေရပ် စွန့်ခွာ ရွှေ့ပြောင်းသွားလာနေထိုင်မှုများရှိနေကြပြီး ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အတွင်း၌လည်း အခြားဒေသအချို့မှ ယာယီရွေ့ပြောင်းနေထိုင်မှုများရှိနေသည့် အတွက် ယင်းတို့၏စာရင်း အချက်အလက်များ တိကျ မှန်ကန်စွာ ရရှိရေးဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်၍ ဥပဒေနှင့်ကိုက်ညီသူများ မဲစာရင်းတွင်ပါဝင်စေရေး၊ မဲစာရင်းတစ်နေရာထက် ပိုမိုပါဝင်မှုမရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန်အလှန် ဆက်စပ်ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည့်စုံပြီး တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိနိုင်မည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ကြ မည်ဖြစ်သည့် အတွက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရရှိသည့် လူဦးရေအချက်အလက်များ ကွဲလွဲမှုမရှိစေရေး၊ ပြည့်စုံမှန်ကန်ရေးအတွက် စိစစ်ပြင်ဆင် ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက် အဆင့်(၃) လျာထားသတ်မှတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယာယီရွှေ့ပြောင်း နေထိုင်လာသူများကို စာရင်းကောက်ယူပြုစုဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တာဝန်ရှိသူများကလုပ်ငန်းများ အောင်မြင်ရေးအတွက်ကဏ္ဍအလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အ မှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (မိုးစွေ)သို့ သွားရောက်၍ အဆိုပါ ကျောင်းဘုရင့်နောင်ဆောင်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်ပြည့်မီသည့် ကျောင်းသား၊ ကျောင်းသူများ၊ နယ်မြေခံတပ်နယ်မှ မိသားစုဝင်များနှင့် မိုးစွေကျေးရွာမှ ဒေသခံပြည်သူများ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားကတ်ပြားရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေး အချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိုးစွေကျေးရွာရှိ ဥတ္တရရာမတပ်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစိတ္တ နန္ဒအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)