ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ကယားပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

လွိုင်ကော် ၁၆ ဇန်နဝါရီ 

 

ကယားပြည်နယ် လွိုင်ကော်မြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ယနေ့မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ မြို့နယ်ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးအား ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများအား မိတ်ဆက်ပေးသည်။

 

ယင်းနောက် ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၃/၂၀၁၈) ဆုံးဖြတ်ချက်အရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်း တာဝန်ထမ်းဆောင်စေခဲ့ပြီး ဖြစ်ပါကြောင်း၊ အဓိကရည်ရွယ်ချက်မှာ ၂၀၁၈ ခုနှစ် ဧပြီလ မြန်မာ့ရိုးရာနှစ်သစ်ကူးမိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ပြောကြားခဲ့သည့်အတိုင်း အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေးအတွက် အစိုးရပြုပြင်ပြောင်းလဲရေးနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးတို့ကို ဆောင်ရွက်သွားရန်ဆိုသည့် မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

 

လက်ရှိနိုင်ငံတော်က လျှောက်လှမ်းနေသည့် နိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် အုပ်ချုပ်ရေးယန္တရားဖြစ်ပေါ်လာရေး၊ အုပ်ချုပ်မှုကောင်း (Good Governance) ဖြစ်ပေါ်လာစေရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ အုပ်ချုပ်ရေးယန္တရားသည် ခေတ်အဆက်ဆက် အုပ်ချုပ်သူအမြင်နှင့် အခွင့်အာဏာပိုင်းက ရှုမြင်ပြီး ဆောင်ရွက်ခဲ့သည့် ဓလေ့ထုံးစံများရှိခဲ့ပါကြောင်း၊ ယင်းမှာ နိုင်ငံရေးစနစ်နှင့် ဆက်စပ်နေပါကြောင်း၊ ယနေ့ မိမိတို့နိုင်ငံတွင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့အစိုးရ ပေါ်ပေါက်လာချိန်တွင် အုပ်ချုပ်ရေးယန္တရားသည် ပြည်သူ၏ဝန်ကို ထမ်းဆောင်ရသည့် ပြည်သူ့ဝန်ထမ်းဟု ရှုမြင်ခံယူပြီး လိ်ုက်ပါပြောင်းလဲဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် နိုင်ငံရေးစနစ်အရ ဆက်စပ်ပြောင်းလဲရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုအခြေခံ၍ လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။

 

ထို့ပြင် နိုင်ငံတော်က ဦးတည်လျှောက်လှမ်းနေသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဆင်သင့်ဖြစ်နေစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ကြိုးပမ်းနေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဆက်စပ်ပြီး ဆောင်ရွက်နိုင်ရန်လည်း လိုအပ်ပါကြောင်း၊ ထိုသို့ နိုင်ငံရေးစနစ်၊ နိုင်ငံတော်၏မူနှင့် မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရင်းမှာပင် ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်ပြီးတစ်ဆင့် အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအနေဖြင့် ပညာရှင်များ၏ အကြံဉာဏ်များ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၏ အတွေ့အကြုံများကို အခြေခံပြီး သိသာထင်ရှားသည့် အပြောင်းအလဲများကို အကောင်အထည်ဖော်ရာတွင် အုပ်ချုပ်ရေး ယန္တရား၏ ကျောရိုးဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ရာတွင် စွမ်းဆောင်ရည်မြှင့်တင်ရန်၊ လုပ်နည်းလုပ်ဟန်များ ပိုမိုထိရောက်ရန်နှင့် လုပ်ငန်းစဉ်များပေါ်မူတည်ပြီး လိုအပ်သည့်ဖွဲ့စည်းမှုများ ဆောင်ရွက်သွားရန်အတွက် မိမိတို့၏ဝန်ကြီးဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်းရေးနှင့် ကြီးကြပ်ထိန်းကြောင်းရေးကို အဓိကထားပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအနေဖြင့် ပြုပြင်ပြောင်းလဲရမည်ကို မကြောက်ကြဘဲ ပြုပြင်ပြောင်းလဲမှုများကို စနစ်တကျနှင့် တစိုက်မတ်မတ် ဖော်ဆောင်ကြရန်လိုပါကြောင်း။

 

မိမိအနေဖြင့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနှင့် မကြာခဏတွေ့ဆုံရသည့် အချိန်တွင် မေးကြည့်ပါကြောင်း၊ တစ်ဦးချင်း တစ်ဦးချင်းကလည်း ပွင့်ပွင့်လင်းလင်းနှင့် ပြောကြားကြပါကြောင်း၊ ၎င်းတို့ပြောသည်များကို ချုပ်ကြည့်ပါက “ဘယ်နေရာမှာ ဘာတွေကို၊ ဘယ်လိုပြောင်းလိုက်ရင် ကောင်းသွားမည်”ဆိုသည်ကို သိကြပါကြောင်း၊ လက်တွေ့အလုပ်ခွင်ထဲတွင်ပင် အပြောင်းအလဲများ လုပ်နိုင်မည်ဆိုသည်ကို သိကြပါကြောင်း၊ သို့သော် အသားကျနေသည့် လုပ်ငန်းစဉ်များကို ပြောင်းလဲပစ်ရန် စိုးရိမ်မှုများရှိနေပါကြောင်း၊ ထို့ကြောင့် ပြုပြင်ပြောင်းလဲရမည်ကို မကြောက်ကြပါဘဲ ပြုပြင်ပြောင်းလဲနိုင်ခြင်းကို ဂုဏ်ယူကြစေလိုပါကြောင်း။

 

လက်ရှိအုပ်ချုပ်ရေးယန္တရားသည် ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး အဆင့်အထိ အပေါ်/အောက် တိုက်ရိုက်ဖြစ်လာပြီဖြစ်ပါကြောင်း၊ ယင်းနေရာတွင် လူထုနှင့်အနီးစပ်ဆုံး လုပ်ကိုင်နေကြသည့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို တိုက်ဖျက်ရာတွင် တက်တက်ကြွကြွပါဝင်ကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း၊ ရပ်ရွာများတွင် နေထိုင်ကြသည့်သူများက မည်သူတွေ ရောင်းနေသည်ကို သိကြသော်လည်း ဖော်ထုတ်တိုင်ကြားရန် မဝံ့မရဲဖြစ်နေကြခြင်းများ ရှိနေပါကြောင်း၊ ဒီနေရာတွင် အောက်ခြေလူထုနှင့် အနီးကပ်ဆုံးတွင် တာဝန်ထမ်းဆောင်နေကြသည့်  မိမိတို့ဝန်ထမ်းများ “ဘာမှမသိကြခြင်းလား၊ မသိချင်ယောင် ဆောင်နေကြခြင်းလား”။ 

 

နောက်တစ်ခုမှာ ကျူးကျော်များကိစ္စဖြစ်ပါကြောင်း၊ မိမိတာဝန်ယူရသည့် နယ်မြေဒေသများတွင် တစ်အိမ်ကျူး၊ နှစ်အိမ်ကျူးနှင့် ဖြစ်လာသည်ကို လစ်လျူရှုထားကြသည့်အတွက် နောက်ဆုံးတွင် လူများအုံနှင့်ကျင်းနှင့် နေထိုင်သည့်အခါမှ ရှင်းရလင်းရ လုပ်ကြရသည့်အခါ အစိုးရအတွက်ရော၊ လူထုအတွက်ရော အခက်အခဲများနှင့် ကြုံတွေ့လာကြရပါကြောင်း၊ မြေယာကိစ္စများမှာလည်း အလားတူဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများ တာဝန်သိပြီး တာဝန်ကျေပွန်ရန်လိုပါကြောင်း၊ ရှေ့ကိုဆက်ပြီး များစွာကြိုးပမ်းကြရဦး မည်ဖြစ်ပါကြောင်း။

 

အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများကို နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်ပတ်သက်ပြီး အလေးအနက်ထား မှာကြားလိုသည့်အဓိက အချက် ၂ ချက်ရှိပါကြောင်း၊ ပထမအချက်မှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကြီးကို မိမိတို့ဝန်ကြီးဌာနအောက် ပြောင်းရွှေ့လိုက်သည့်အတွက် ဘာတွေများဖြစ်လာမလဲဆိုသည့် စိုးရိမ်ပူပန်မှုများ မရှိကြရန် ပထမဦးစွာ ပြောကြားလိုပါကြောင်း၊ အုပ်ချုပ်ရေးယန္တရား တည်တည်ငြိမ်ငြိမ် နှင့်လည်ပတ်နေပြီး နောက်တစ်ဆင့်အနေဖြင့် အပြောင်းအလဲများ ဖော်ဆောင်နိုင်ရန် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကို ကျေပွန်အောင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ပြောင်းလဲလာသည့် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ပြုပြင်ပြောင်းလဲမှုများကို တက်တက်ကြွကြွ လိုက်ပါဖော်ဆောင်ပေးကြရန် မှာကြားလိုပါကြောင်း၊ ဝန်ကြီးဌာန ရွှေ့ပြောင်းလိုက်သော်လည်း တည်တည်ငြိမ်ငြိမ် မှန်မှန်ကန်ကန်ဖြင့် လည်ပတ်နေပြီး ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် တွန်းအားပေး ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း။

 

ဒုတိယအချက်မှာ မိမိတို့၏ ပြုပြင်ပြောင်းလဲမှုသည် လူထုကို မျက်နှာမူပြီး အပြောင်းအလဲများ သိသိသာသာ မြင်တွေ့နိုင်အောင် ကြိုးပမ်းကြရန်ဖြစ်ပါကြောင်း၊ ပြည်သူများမြင်တွေ့လိုသည့် အပြောင်းအလဲများရရှိလာအောင် စိတ်ဓာတ်နှင့်ခံယူချက်များ ပြောင်းရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက်များကို အစဉ်အမြဲ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အချိန်မရွေး အဆင်သင့်ရှိရမည် ဖြစ်ပါကြောင်း၊ လူထုနှင့်နီးစပ်၊ လူထုနှင့်အတူ ပူးပေါင်းလုပ်ကိုင်ပြီး လူထုက ယုံကြည်ရသည့် စီမံခန့်ခွဲမှုစနစ်ဖြင့် အားကိုးရသည့် အုပ်ချုပ်ရေးမှူးကောင်းများ ဖြစ်လာအောင် မိမိတို့အားလုံး ကြိုးပမ်းကြရန်အတွက် အလေးအနက် တိုက်တွန်းမှာကြားလိုပါကြောင်း။

 

ယနေ့တွေ့ဆုံမှုကို မိမိနေဖြင့် အထူးအလေးအနက်ထားပါကြောင်း၊ မိမိတိို့ ဝန်ထမ်းများ စိတ်ချမ်းသာ၊ ပျော်ပျော်ရွွှင်ရွှင်ဖြင့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် ဖော်ဆောင်ပြီး ဝိုင်းဝန်းကြိုးပမ်း အားထုတ်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဆောင်ရွက်ရန်အချက်များကို လမ်းညွှန်မှာကြားသည်။

 

(သတင်းစဉ်)