ပြည်တွင်းအခွန်များဦးစီးဌာနမှ ပေးအပ်သည့် အခွန်အများဆုံး ထမ်းဆောင်သည့်ဆုကို PTTEP မြန်မာ့စီမံကိန်းမှ ရရှိ  

ရန်ကုန်  ၂၁ သြဂုတ်


၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် မြန်မာနိုင်ငံတွင် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သည့်ဆုကို PTTEP မြန်မာ့စီမံကိန်းမှ ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားကို သြဂုတ် ၅ ရက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံး ထမ်းဆောင်ခဲ့သော ကုမ္ပဏီများကို ချီးမြှင့်ခြင်း ဖြစ်သည်။


၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွင်း PTTEP မြန်မာ့စီမံကိန်းသည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသူများထဲမှ အခွန်အများဆုံး ထမ်းဆောင်ခဲ့သော ထိပ်တန်းကုမ္ပဏီ ၁၀ ခုတွင် ပါဝင်ရပ်တည်နိုင်ခဲ့သည်။

 
PTTEP မြန်မာ့စီမံကိန်းသည် မြန်မာနိုင်ငံ၏ ကာလရှည်ကြာ ယုံကြည်ရသော မိတ်ဖက်အနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင် လုံခြုံမှုကို အားပေးရန် လူမှုရေးအရ တာဝန်ခံမှုဖြင့် လုပ်ဆောင်နေသကဲ့သို့ လူ့အဖွဲ့အစည်းအတွက် လူနေမှုဘဝ တိုးတက်ရန်အတွက်လည်း ၎င်း၏ ကတိကဝတ်နှင့်အညီ “စွမ်းအင်ပြည့်ဝသော အနာဂတ်များဆီသို့” ဦးတည်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။


အဆိုပါဆုကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဦးတင်မောင်ထွန်းက သြဂုတ် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပေးအပ်ခဲ့ပြီး PTTEP မြန်မာ့စီမံကိန်း၏ ဘဏ္ဍာရေးနှင့် စာရင်းကိုင် မန်နေဂျာဖြစ်သူ Mr. Thosaphol Thipayarat မှ လက်ခံရယူခဲ့ကြောင်း သိရသည်။


MDN