ပန်းတောင်းမြို့ ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက ရတနာစိန်ဖူးတော် အထွဋ်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပန်းတောင်း ၉ ဖေဖော်ဝါရီ

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်တင်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သြဝါဒစရိယဆရာတော်ကြီးများထံ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းမှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ဆက်ကပ်လှူဒါန်းကာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အောင်မြေဘုံစျာန်ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သြဝါဒစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အလှူရှင်များက ရှေးဟောင်းသမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

 

235

 

ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ဖိုးဦးတောင်စေတီတော်မြတ်ကြီး သြဝါဒစရိယ၊ မြို့နယ်သံဃာ့နာယကဆရာတော် ဘဒ္ဒန္တမဏ္ဍလထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်တင်မင်္ဂလာကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များနှင့် အလှူရှင်များက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ် (၃)ပတ်ပူဇော်ပြီး စေတီတော်အထွဋ်သို့ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ရထားပျံပန်းရထားဖြင့် တင်လှူပူဇော်ကြသည်။

အဆိုပါ ဖိုးဦးတောင်စေတီတော်မြတ်ကြီးအား အဇ္ဇိက၊ ဘလ္လိက ကုန်သည်ညီနောင်မှ စတင်တည်ထားခဲ့ပြီး ကာလကြာသော် ဆင်ဖြူရှင်မင်းက ၁၁၃၆ ခုနှစ် AD-1774 တွင်ပြုပြင်ခဲ့သည်။ ထို့နောက် အလှူရှင်များက ၂၀၀၀ ပြည့်နှစ် မေလ ၂၂ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် ဧပြီလ ၂၉ ရက်တွင် တစ်ကြိမ် ထီးတော် စိန်ဖူးတော် ငှက်မြတ်နားတော်တို့အား တပ်ဆင်လှူဒါန်းပေးကြပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များစုပေါင်းကာ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အသစ်အား ထပ်မံတပ်ဆင် တင်လှူပူဇော်ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)