ပျဉ်းမနားနှင့် ဒက္ခိဏသီရိ်မြို့နယ်တို့တွင် အိမ်မွေးတိရစ္ဆာန်များ ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းစေရေး ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်  ၂  အောက်တိုဘာ

နေပြည်တော် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် Paws Four International တို့ ပူးပေါင်းကာ အိမ်မွေးတိရစ္ဆာန်(ခွေး/ကြောင်)များအား ရောဂါကူးစက် ဖြစ်ပွားမှု လျော့နည်းပျောက်ကွယ်သွားရန်အတွက် ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို နေပြည်တော်ပျဉ်းမနားနှင့် ဒက္ခိဏသီရိ်မြို့နယ်တို့၌ အောက်တိုဘာ ၁ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ခွေးရူးရောဂါ ကာကွယ်ထိုးခြင်းလုပ်ငန်းကို မွေးမြုရေးနှင့် ကုသရေးဦးစီဌာန၊ နေပြည်တော် ဦးစီးဌာနမှူး ဒေါက်တာစံထွန်းဝေ၊ နေပြည်တော် ဦးစီးဌာနမှူး(ပြည်ထောင်စုနယ်မြေ) ဒက္ခိဏသီရိခရိုင် ဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်း၊ ပျဉ်းမနားမြို့နယ်ဦးစီးမှူး ဒေါက်တာကျော်သင်းနှင့် အဖွဲ့ ငါးဖွဲ့၊ ဒက္ခိဏသီရိမြို့နယ်ဦးစီးမှူး ဒေါက်တာ ထက်မမဖြိုးနှင့် အဖွဲ့လေးဖွဲ့၊ Paws Four International မှ Ms.Nora Borisova နှင့် အဖွဲ့ဝင်များသည် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ နယ်မြေအလိုက် အဖွဲ့ခွဲများဖြင့် အိမ်မွေးတိရစ္ဆာန် (ခွေး/ကြောင်)များအား  ဆေးထိုးပေးခြင်း၊ ခွေးလေခွေးလွင့်များအား ပြောင်းများဖြင့် ပစ်ခတ်ထိုးနှံ ပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများအား မေးမြန်း၍ ရေးသားလိုက်ပါသည်။

လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်သင်း

နေပြည်တော်ပျဉ်းမနားမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

''မြန်မာနိုင်ငံမှာ ခွေးရူးကိုက်ပြီး သေဆုံးသူတွေ များလာတယ်၊ လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ရုံးပိုင်းဆိုင်ရာတွေမှာ မွေးမြူထားတဲ့ ခွေးတွေကို  သူတို့ ချစ်ကြပါတယ်၊ ဒါမေပမယ့် မထိန်းနိုင်ကြဘူး၊ ကျေးရွာတွေမှာလည်း အဲဒီလိုပါဘဲ၊ ခွေးလေခွေးလွင့်၊ အိမ်မွေးတိရစ္ဆာန်တွေကနေတစ်ဆင့် ခွေးရူးရောဂါ ပျံနှံသွားပြီး လူတွေကို ကိုက်တာမျိုးရှိတယ်၊ ပျဉ်းမနားပြည်သူ့ဆေးရုံမှာ ခွေးကိုက်ခံရပြီး လာရောက် ကုသမှုတွေလည်း ရှိပါတယ်၊ ပျဉ်းမနားမြို့နယ်အတွင်းမှာ ခွေးကောင်ရေ ၂၂၀ဝ၀ ခန့်လောက်ရှိပါတယ်၊ ဒီနေ့ နံနက် ၇ နာရီမှ ညနေ ၅ နာရီထိ ကျွန်တော်တို့က အဖွဲ့ ငါးဖွဲ့ခွဲပြီး ခွေး/ကြောင်တွေကို ကွက်ပြည့်ထိုးနှံ သွားမှာပါ၊ ဒီနေ့တော့ ခွေး၊ ကြောင်စုစုပေါင်း ၇၉၅ ကောင်ခန့်ကို  ခွေးရူးရောဂါကာကွယ်ဆေး ထိုးဖြစ်ခဲ့ပါတယ်။

IMG_2019A.Jpg

 

ဒက္ခိဏသီရိမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထက်မမဖြိုး

''ဒက္ခိဏသီရိမြို့နယ်မှာ ရပ်ကွက် နှစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ရှစ်အုပ်စု၊ ကျေးရွာပေါင်း ၂၈ ရွာကို ကျွန်မတို့ဌာနနဲ့ Paws Four International မှ တာဝန်ရှိသူတွေ၊ တိရစ္ဆာန်ကျန်းမာရေးသင်တန်းဆင်းလုပ်သားတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေပူးပေါင်းပြီး အဖွဲ့လေးဖွဲ့ခွဲပြီး အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်၊ ခွေးလေခွေးလွင့် အားလုံး ၃၅၀ ကောင်ခန့်ကို ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ပါတယ်။

တစ်မြို့နယ်လုံးကို ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံခြင်းအပြင် ကုစက်ရောဂါအနေနဲ့ အာဖရိက ဝက်အပြင်းဖျားရောဂါ၊ ကျွဲ/နွားတွေမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတွေအကြောင်း ပြည်သူလူထုကို တတ်နိုင်သမျှ အသိပညာပေး ဟောပြောမယ်၊ တတ်နိုင်သမျှ ကာကွယ်ဆေးတွေလုပ်မယ်၊ နာမကျန်းဖြစ်တဲ့ တိရစ္ဆာန်တွေကို ကုသမှု အချိန်နဲ့ တစ်ပြေးညီ ပြုလုပ်သွားဖို့ အစီအစဉ်တွေလည်း ဆောင်ရွက်ထားပါတယ်''

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း ခွေးရူးရောဂါဖြစ်ပွား၍ အသက်ဆုံးရှုံးလျက်ရှိပြီး တစ်နှစ်လျှင် လူဦးရေ ၅၅၀ဝဝ မှ၇၀ဝဝဝ ခန့် ခွေးရူးရောဂါဖြင့် သေဆုံးလျက်ရှိကာ အာရှနှင့် အာဖရိကနိုင်ငံများ၏ဆင်းရဲသောကျေးရွာများတွင် ထိခိုက်မှုပိုမို ဖြစ်ပွား နေကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ ၅၂ သန်းရှိကာ ခွေးကောင်ရေ ၄ သိန်းခန့်ရှိပြီး ခွေးနှင့် လူအချိုး  ၁း၆ ရှိကြောင်း၊ နှစ်စဉ် ခွေးကိုက်ခံ ရသော လူဦးရေ ၁၅၀ဝ၀မှ ၂၀ဝ၀ဝ ခန့်ရှိကာ ခွေးရူးရောဂါကူးစက်သော လူဦးရေ ၂၀ဝ ခန့်ရှိကြောင်း မှတ်တမ်းများအရသိရသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE)တို့ပူးပေါင်း၍ နိုင်ငံအတွက် ခွေးရူးရောဂါလျော့ကျရေးကြိုးပမ်းမှုတွင် အမျိုးသားအဆင့် ခွေးရူးရောဂါထိန်းချုပ်ရေး မဟာဗျူဟာမူဘောင်ကို ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် အပြီးသတ်ရေးဆွဲ အတည် ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်မှ စတင်၍ ခွေးကောင်ရေ တစ်သန်း ကာကွယ်ဆေးထိုးစီမံချက်ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် Four Paws International အဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ရှိ High Risk ဒေသများတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း နေပြည်တော်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသိရသည်။

မြင့်မိုရ်(တာချီလိတ်)

IMG_2018A