ပါဖော့မန့်စ်တွေကြောင့်  ဂီတဖန်တီးမှုပိုင်းမှာလည်း အာရုံပြောင်းသွားမည်မထင်ဟု ဖြူဖြူကျော်သိန်းဆို

၄  ဇန်နဝါရီ 

 

တစ်နှစ်နှင့်တစ်နှစ် မတူအောင် ဂီတပုံစံများကို အမျိုးမျိုးပြောင်းလဲဖန်တီးတတ်သည့် ဂီတလောကထဲက အမျိုးသမီး Rock အဆိုတော် ဖြူဖြူကျော်သိန်းအနေဖြင့် ဂီတပုံစံကိုပြောင်းလဲ ဖန်တီးတတ်သလို  လူအများ စိတ်ဝင်စားဆုံးတစ်ခုဖြစ်သည့် သူ၏ပါဖော်မန့်စ်နှင့် ဝတ်စားဆင်ယင်မူများကိုလည်း ယခုနောက်ပိုင်းတွင် ပိုမိုထင်ရှားစွာ တူမတူအောင် ဖန်တီးမှုများပြုလုပ်နေသည်ကို ပရိသတ်များ သတိထားမိကြမည်ဖြစ်သည်။ လတ်တလော လူပြောအများဆုံး တစ်ခုဖြစ်ခဲ့သည့်  ခရစ္စမတ်သစ်ပင်ပုံစံ အဝတ်အစားများနှင့် ဖျော်ဖြေခဲ့သော ဂီတပွဲတစ်ခုတွင် ပရိသတ်အချို့မှာ မှတ်ချက်ပေးဝေဖန်မှုများ ထွက်ပေါ်လာသည်နှင့် ပတ်သက်ပြီး အဆိုတော် ဖြူဖြူကျော်သိန်းက ယခုလိုပြောဆိုသည်။

 

" ဖြူ ကတော့လေ ဟိုအရင် အဆိုတော်ဘဝကို မရောင်ခင်ကတည်းက ဂီတပွဲတွေဆို ကိုယ်တိုင် သွားကြည့်ရတဲ့ အရသာကို ပိုနှစ်သက်တာမျိုးပါ။ တစ်ခါမှ မကြည့်ဘူးတဲ့ပွဲတွေဆို ပိုပြီးတောင် ဖြူမေ့လို့မရခဲ့ဘူး ဘာလို့လဲဆို ကိုယ့်အတွက် အတွေ့အကြုံသစ်တွေ ရသအသစ်တွေခံစားခဲ့ရလို့ပါပဲ ၊ အဲ့လိုပဲ ဖြူကို စင်ပေါ်မှာ ဘာတွေ ပေါက်ကရလုပ်နေတာလဲဆိုပြီး အချို့ကမြင်ကြမယ်။ ဒါကလည်း သူတို့အပြစ်မဟုတ်ပါဘူး၊ သူတို့ တွေအနေနဲ့  အခုလို ပွဲမျိုးကို သေချာနဖူးတွေ့ ၊ ဒူးတွေ့မကြည့်ခဲ့ရဘူးလို့ ဖြူထင်ပါတယ်၊ ဘာလို့လဲဆို ဖြူ က အမြဲတမ်း ဒီလိုပုံစံမျိုး ဖျော်ဖြေတယ်ဆိုတာ အားလုံးသိပြီးသာပဲလေ၊ အခုမှမဟုတ်ပါဘူး၊ ဖြူက ဖျော်ဖြေရေး သမားတစ်ယောက်ဖြစ်တယ်၊ အဲ့တော့ကိုယ့်ကို ဘယ်ပွဲပဲအပ်အပ် ဖြူဘက်က လိုက်ဖက်အောင် ပြင်ဆင်ရတာမျိုးပါ၊ ဪဒါကတော့ အလကား ဆိုပေးရတဲ့ပွဲဆိုပြီး ပေါ့ပေါ့တန်တန်လုပ်လို့မရသလို လက်မှတ်ရောင်းပွဲမို့ ငါ့တော့ ဘယ်လိုယူလိုက်ပြီး လုပ်ပစ်မယ်ဆိုတာမျိုး ဖြူမလုပ်ဘူး၊ ပွဲတစ်ပွဲနဲ့ တစ်ပွဲက ပုံစံမတူကြဘူးလေ ပွဲအပ်တဲ့ပေါ်ကို မူတည်ပြီး ဆိုရမယ့် သီချင်းအမျိုးအစား၊ ထိုင်ခုံနဲ့ကြည့်မှာလား၊ မတ်တပ်ရပ်ကြည့်တာ၊ ဘယ်လိုလူတွေကြည့်တာလဲ၊ ပွဲရဲ့အခြေအနေ ရာသီဥတုကအစ ဖြူကသေချာကြည့်ပြီး ဝတ်တဲ့အဝတ်အစားပုံစံကိုပါ ပွဲနဲ့လိုက်ဖက်အောင် ဖြူက လုပ်ရတာလေ၊ ဖြူကတော့ နယ်ပရိသတ်မို့၊ ရန်ကုန်ပရိသတ်မို့ ဆိုတာမျိုး ခွဲခြားပြီး ဖျော်ဖြေတာမျိုးတော့ မရှိပါဘူး၊ အားလုံးအတူတူပါပဲ၊ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃၊ ၂၄ ရက်နေ့ကဆိုလည်း ဖြူ ဘားအံမှာ သွားဖျော်ဖြေခဲ့ပါတယ်၊ အရမ်းလည်းပျော်တယ်၊ ပြီးတော့ အွန်လိုင်းမှာ ပုံတွေတက်လာတယ်၊ ဖြူပုံတွေမှာ ဖျော်ဖြေမှုပုံစံမျိုးစုံကို ပြောထားတာပေါ့နော်၊ အဲ့နေရာမှာ ဖြူပြောချင်တာက၊ ဖြူဖြူ ပေါက်ပန်းလေးဆယ်နဲ့ ကျော်ကြားအောင်လုပ်တာမဟုတ်ပါ၊ ကိုယ့်ရဲ့ အသက်မွေးဝမ်းတစ်ခု၊ ကိုယ်ကျွမ်းကျင်စွာလုပ်ကိုင်နေသောအလုပ်ဖြစ်တယ်၊ အဲ့တော့ ဖြူက အဆိုတော် ဖျော်ဖြေရေးသမားဆိုပြီး ခံယူထားတဲ့အတွက်၊ စင်ပေါ်မှာနေ စင်ပေါ်မှာဖျော်ဖြေပြီး နေရတာကိုကျေနပ်သူ၊ အထူးသဖြင့် စတူဒီယိုမှာ သီချင်းသွင်းပြီးဆိုရတာထက်၊ အပြင်က ဇာတ်စင်ပေါ်မှာပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ပြီးဆိုရတဲ့ အရသာကို ပိုကြိုက်တဲ့သူပါ၊ ဖြူ ဖျော်ဖြေနေတဲ့ပုံတွေ တက်လာတဲ့အခါမှာ ဖြူပြောချင်တာက  ဖြူကို အပြင်မှာဘယ်လိုဖျော်ဖြေတတ်တယ်ဆိုတာကို ကြည့်ဖူးတဲ့သူတွေက သိကြပါတယ်၊ အွန်လိုင်းမှာ ကြည့်တဲ့သူတွေအတွက်ကတော့ ဖြူ့ပုံတွေက သူတို့အတွက် ရယ်စရာလှောင်စရာပုံဖြစ်နေတာမျိုးဆိုတော့၊ သူတို့ကိုလည်း ဖြူအပြင်မှာ ဖျော်ဖြေတာမြင်ဖူးစေချင်ပါတယ်၊" ဟု အဆိုတော် ဖြူဖြူကျော်သိန်းက ပြောဆိုသည်။

 

သူ့အနေဖြင့် ၂၀၁၈ ခုနှစ်တွင် ဂီတဖျော်ဖြေပွဲနှင့် ကုမပ္ပဏီပွဲများတွင် အများဆုံးဖျော်ဖြေနေခဲ့ရပြီး ၂၀၁၉ ခုနှစ်တွင် ပါဖော်မန့်စ်အသစ်များနှင့်အတူ ဂီတပုံစံအသစ်တွေကိုပါ ပရိသတ်ကို ချပြသွားရန်ပြင်ဆင်နေကြောင်း သိရပြီး၊ ပါဖော်မန်စ့် ပြုလုပ်မှုကြောင့် ဂီတဖျော်ဖြေမှုအပိုင်းတွင် လျော့နည်းသွားမည်ကို မစိုးရိမ်မိကြောင်း ဆိုသည်။

 

"ဖြူကတော့ ဂီတဖျော်ဖြေလာတာ အခုမှမဟုတ်ပါဘူး။ ဟိုအရင် အဆိုတော်စဖြစ်ကတည်းက ဖြူ ရဲ့ ပင်ကိုယ်စတိုင်နဲ့ ဖြူဖျော်ဖြေခဲ့တာပါ၊ အဲ့လို ဝတ်စားဆင်ယင်ခဲ့မှုကို သတိထားခဲ့တာမို့ ဖြူက သီချင်းဆိုတဲ့အခါမှာ အဝင်အထွက်တွေမှားသွားတာမျိုး၊ သီချင်းဆိုတဲ့အခါ Key တွေလွဲသွားတာမျိုး တစ်ခါမှတော့ မဖြစ်ခဲ့ပါဘူး၊ အဆိုတော် မှန်ရင်တော့ သူဆိုရမဲ့ သီချင်း Key မှန်မှန်ဆိုတာတော့ သိကြပြီးသားပါ၊ ပြီးတော့ ပွဲတစ်ပွဲမှာ အဘိုး ၊ အဘွား ၊ ညီ ၊ ညီမ ကြည့်ရှုတဲ့သူမတင့်တယ်အောင် ဘယ်သူကမှတော့ မဝတ်ပါဘူး၊ ဖြူကတော့ လာကြည့်တဲ့ပရိသတ်တန်အောင် ကြည့်ရကျိုးနပ်အောင် ပါဖော်မန့်စ်ပိုင်းကအစ သီဆိုတဲ့အဆုံး အားလုံးကို လေးစားမှုနဲ့အမြဲ ဖန်တီးပုံဖော်ဖျော်ဖြေနေကြပါပဲ" ဟု ထပ်မံဖြည့်စွက် ပြောကြားခဲ့သည်။

 

ကိုလင်း