ပထမအကြိမ် ကရင်ရိုးရာ လက်ချည်ဖွဲ့မင်္ဂလာအခမ်းအနား ပုသိမ်မြို့တွင် ကျင်းပ

ပုသိမ်  ၁၅    သြဂုတ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (ပထမအကြိမ်) ကရင်ရိုးရာ လက်ချည်ဖွဲ့မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပသည်။

 

 

အဆိုပါ အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့်ဇနီး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများနှင့် ကရင်တိုင်းရင်သားများ တက်ရောက်ခဲ့ကြပြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ကရင်မင်္ဂလာဖားစည် (၉)ချက်တီးကာ အခမ်းအနားကို ဖွင့်လှစ်ပေးကာ ပုသိမ်တက္ကသိုလ် ကရင်စာပေနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီက ကရင်ဒုံးအကဖြင့် ဖျော်ဖြေတင်ဆက်သည်။

 

 

ဆက်လက်ပြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက လက်ချည်ဖြူဖွဲ့မင်္ဂလာ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လက်ချည်ပွဲ ပြုလုပ်ရာတွင် ပါဝင်သည် ပစ္စည်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ကရင်ရိုးရာ လက်ချည်ဖွဲ့မင်္ဂလာ သရုပ်ပြတင်ဆက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအားလုံး လက်ချည်ဖွဲ့မင်္ဂလာကို ပါဝင်ဆင်နွှဲကြသည်။ ထိုနောက်  အခမ်းအနား တက်ရောက်သူအားလုံးက ကရင်အမျိုးသားသီချင်း သီဆိုကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

မောင်မောင်မြင့် (ပြန်/ဆက်)