ပတ်ဝန်းကျင်ညစ်ညမ်းမှု မြင့်မားမှုနှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အလားအလာမှာ ပိုမိုမြင့်မားနိုင်ကြောင်း လေ့လာချက်များက ဖော်ပြ

ကောင်းမွန်

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လေ့လာမှုများက ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု မြင့်မားမှုနှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အန္တရာယ်ဖြစ်နိုင်မှု အလားအလာမှာ ပိုမိုမြင့်မားကြောင်း ညွှန်ပြလျက်ရှိပါ သည်။ ကနဦးလေ့လာမှုများက ကိုရိုနာဗိုင်းရပ်စ်သည် ညစ်ညမ်းမှုမြင့်မားသည့် နေရာဒေသများ၌ ပိုမိုအန္တရာယ် မြင့်မားကြောင်း ဖော်ပြခဲ့သော်လည်း ယင်းအချက်ကို အခိုင်အမာသက်သေပြနိုင်ရေးအတွက် ထပ်မံလုပ်ဆောင် ရမည့်အရာများရှိနေပါသေးသည်။

ဥရောပတိုက်ရှိ ညစ်ညမ်းသည့်ဒေသများ၌ ကိုဗစ်-၁၉ ရောဂါကြောင့် အသေအပျောက်အများဆုံး ဖြစ်ကြောင်း၊ ဂျာမနီနိုင်ငံ ဟာလဲလ်မြို့ရှိ မာတင်လူသာ တက္ကသိုလ်ရှိ မြေကမ္ဘာသိပ္ပံဆိုင်ရာဌာနမှ သုတေသန ပညာရှင် ယာရွန်အိုဂင်က ဧပြီလ ၂၀ ရက်နေ့တွင် ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံဂျာနယ်၌ ဖော်ပြခဲ့သည့် ကနဦးလေ့လာချက်အရ ဥရောပတိုက်၌ ညစ်ညမ်းမှု အဆိုးရွားဆုံးဒေသ ငါးခု၌ ကိုဗစ်-၁၉ ရောဂါကြောင့် အသေအပျောက် ၇၈ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါသည်။

ပြင်သစ်၊ အီတလီ၊ ဂျာမနီနှင့် စပိန်နိုင်ငံတို့၌ ဗိုင်းရပ်စ်ကြောင့် အသေအပျောက်ဖြစ်ပွားမှုနှင့် ဒီဇယ် ဆီသုံး မော်တော်ယာဉ်များ၏ အိတ်ဇောပိုက်မှ အဓိက ထုတ်လွှတ်သည့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်တို့အကြား ဆက်စပ်မှုရှိကြောင်း သုတေသနပညာရှင် အိုဂင်က သက်သေပြနိုင်ရန် ကြိုးပမ်းခဲ့ရာ ၎င်း၏တွေ့ရှိချက်များမှာ များစွာခိုင်မာမှုရှိကြောင်း တွေ့ရှိရပါသည်။

နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် သိပ်သည်းမှုမြင့်မား သည့် အီတလီနိုင်ငံမြောက်ပိုင်း ‘ပို’လွင်ပြင်နှင့် စပိန်နိုင်ငံ မက်ဒရစ်မြို့တော်ဝန်းကျင်စသည့် ဒေသနှစ်ခုလုံးမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ အမြင့်မားဆုံးနေရာ များ ဖြစ်ကြပါသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုက ကိုဗစ်-၁၉ ရောဂါကိုတွန်းလှန်ရာတွင် အထောက်အကူမဖြစ်

မော်တော်ယာဉ်အသွားအလာမြင့်မားသည့် မီလန်၊ တူရင်၊ မက်ဒရစ်စသည့် မြို့ကြီးများ၏ ဝန်းကျင်၌ တောင်တန်းများဝန်းရံနေခြင်းကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုဖြစ်စေသည့် ဓာတ်ငွေ့များကို အရပ် ရှစ်မျက်နှာသို့ ပျံ့နှံ့စေခြင်းမရှိဘဲ ယင်းဒေသများ၌သာ ဆက်လက်တည်မြဲနေစေပါသည်။

နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်သည် ကျန်းမာရေး အတွက် ဆိုးရွားသည့် အကျိုးသက်ရောက်မှုများ ဖြစ်စေ ပြီး ယင်းနှင့်သက်ဆိုင်သည့် အချက်အလက်များကိုလည်း အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ခြင်းကြောင့် နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်နှင့်ပတ်သက်၍ စိစစ်လေ့လာမှုများ ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အိုဂင်က ပြင်သစ်-၂၄ သတင်းဌာနနှင့် တွေ့ဆုံမှုတစ်ရပ်၌ ရှင်းလင်း ပြောကြားခဲ့ပါသည်။
နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နှင့် ကာလကြာရှည် ထိတွေ့မှုက ကိုရိုနာဗိုင်းရပ်စ်၏ လက္ခဏာများဖြစ်ကြ သည့် အဆုတ်ထိခိုက်မှု၊ အသက်ရှူပြဿနာ၊ နှလုံးထိခိုက်မှု စသည်တို့နှင့် အသွင်သဏ္ဌာန်ဆင်တူသည့် တစ်သျှူး ဒဏ်ရာများ ဖြစ်ပွားစေနိုင်ပါသည်။ လေထုညစ်ညမ်းမှုက အသက်ရှူမှုစနစ်ကို ထိပါးစေရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် မှုကို တွန်းလှန်တိုက်ဖျက်ရန် အရေးပါသည့် အသက်ရှူမှု စနစ်မှာ စောစီးစွာပင် ထိခိုက်မှုဖြစ်နေကြောင်း၊ သို့ဖြစ်၍ သိသာမြင်သာသည့် လက္ခဏာများ မတွေ့ရသည့် လူနာ များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တွန်းလှန်နိုင်ရန် ခက်ခဲစွာရုန်းကန်ရခြင်းဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အန္တရာယ်အရှိနိုင်ဆုံးသူများနှင့်ပတ်သက် ၍ စဉ်းစားဆုံးဖြတ်ရာတွင် အဆိုပါပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို ထည့်သွင်းစဉ်းစားရန် လိုမည် ဖြစ်ကြောင်း သုတေသနပညာရှင် အိုဂင်က ပြောကြား ခဲ့ပါသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ်နှင့်ပတ်သက်၍ သတိပေးသူမှာ အိုဂင်တစ်ဦးတည်းသာ မဟုတ်ပေ။ ၂၀၀၂ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်အကြား ‘ဆားစ်’ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားစဉ်ကလည်း ကိုရိုနာဗိုင်းရပ်စ် ၏ ရှေ့ပြေးဟုဆိုနိုင်သည့် ဆားစ်ဗိုင်းရပ်စ်ကြောင့် သေဆုံးမှု မြင့်မားခြင်းကို ပတ်ဝန်းကျင်ညစ်ညမ်းမှု အဆိုးရွားဆုံး မြို့ကြီးများ၌ တွေ့ရှိရကြောင်း တရုတ်သုတေသနပညာရှင် များက ဖော်ပြခဲ့ကြပြီးဖြစ်သည်။

ဧပြီလ ၂၁ ရက်နေ့တွင် အွန်လိုင်း၌ ထုတ်ပြန်ခဲ့သည့် ဗြိတိန်နိုင်ငံမှ လေ့လာချက်တစ်ခုကလည်း ဂျာမနီအခြေစိုက် သုတေသနပညာရှင် အိုဂင်၏ လေ့လာချက်နှင့်ဆင်တူပြီး အဆုံးသတ် ကောက်နုတ်ချက်မှာလည်း တူညီကြောင်း တွေ့ရှိရပါသည်။ ကိန်းဘရစ်ချ်တက္ကသိုလ်ရှိ သိပ္ပံပညာရှင် များ၏ လေ့လာချက်အရ ဗြိတိန်နိုင်ငံရှိ လေထုညစ်ညမ်းမှု အမြင့်မားဆုံးဒေသများ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် ပိုမိုများပြားသည်ကို တွေ့ရှိရ ကြောင်း ဂါးဒီးယန်းသတင်းစာ၌ ဖော်ပြခဲ့ပါသည်။

ယင်းအချက်မှာ အမေရိကန်ပြည်ထောင်စု၌လည်း မှန်ကန်လျက်ရှိသည်။ အနုမှုန် သိပ်သည်းမှု အနည်းငယ်မျှ ပိုမိုမြင့်မားသည်နှင့် ယင်းအရပ်ဒေသများ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးမှု ၁၅ ရာခိုင်နှုန်း တိုးမြင့်ကြောင်း ဘော့စတွန်အခြေစိုက် ဟားဗတ်ကျန်းမာရေးတက္ကသိုလ် ကျောင်းမှ သုတေသနပညာရှင်များက တွေ့ရှိခဲ့ကြသည်ဟု ဧပြီလ ၇ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် လေ့လာမှု၌ ဖော်ပြ ခဲ့ပါသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုသည် တစ်ခုတည်းသော အကြောင်းရင်း မဟုတ်
တစ်ချိန်တည်းတွင် ဖော်ပြပါကနဦးလေ့လာတွေ့ရှိ ချက်များအပေါ် အခြေခံလျက် အလျင်စလို ကောက်ချက် ချခြင်း မပြုကြရန်လည်း ယင်းသုတေသနပညာရှင်အားလုံး က သတိပေးခဲ့ကြပါသည်။ အိုဂင်က ၎င်း၏ လေ့လာတွေ့ရှိ ချက်သည် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးမှုမြင့်မားခြင်းတို့အကြား ခိုင်မာသည့် ဆက်စပ်မှုကို မလွဲမသွေညွှန်ပြနေခြင်း မဟုတ်ကြောင်း လည်း သတိပေးခဲ့ပါသည်။

အခြားသော အကြောင်းအရာများကလည်း ပတ်ဝန်း ကျင်ညစ်ညမ်းမှုဆိုးရွားသည့် ဒေသများ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက် မြင့်မားရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြခဲ့ကြပါသည်။ ဥပမာအားဖြင့် လူနေထူထပ်မှု သိပ်သည်းလွန်းသည့်ဒေသများ၌ ပတ်ဝန်း ကျင်ညစ်ညမ်းမှု ပိုမိုမြင့်မားတတ်ပြီး ယင်းကဲ့သို့ လူနေ ထူထပ်မှုကြောင့် လူတစ်ဦးနှင့်တစ်ဦး အလှမ်းဝေးစွာ နေထိုင်ကြရန် ခက်ခဲသဖြင့် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို အားပေးရာရောက်ကြောင်း ဗြိတိန်နိုင်ငံရှိ ဘရစ္စတိုး ဆေးပညာတက္ကသိုလ်ရှိ သုတေသနပညာရှင် ရိုစီကောနစ်ရှ် က ပြောကြားခဲ့ပါသည်။

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု စတင်ဖြစ်ပွားသည့် ဥရောပတိုက် ဒေသများအနက် အီတလီနိုင်ငံ မြောက်ပိုင်းနှင့် စပိန်နိုင်ငံ မက်ဒရစ်မြို့တော်တို့ ပါဝင်ကြရာ ယင်းဒေသ များ၌ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ဖော်ထုတ်သိရှိနိုင်ခြင်း မတိုင်မီ အချိန်ကြာမြင့်စွာကပင် ယင်းဒေသများ၌ ဗိုင်းရပ်စ် ရောက်ရှိနေပြီးဖြစ်သဖြင့် အသေအပျောက် ပိုမိုမြင့်မားခဲ့ခြင်း လည်း ဖြစ်ပါသည်။

ယင်းကဲ့သို့ နှိုင်းယှဉ်ချက်နှင့်ပတ်သက်၍ ဒေသ အလိုက် ပတ်ဝန်းကျင်ညစ်ညမ်းမှုအပေါ် စိစစ်လေ့လာမှု ကလည်း ဆက်စပ်မှုအရှိဆုံးမဖြစ်နိုင်ကြောင်း၊ ဗြိတိန် နိုင်ငံ လက်စတာတက္ကသိုလ်ရှိ ပတ်ဝန်းကျင်ဆိုင်ရာ ကူးစက်ရောဂါဌာနမှ ပါမောက္ခ အင်နာဟန်ဆဲလ်က လေထုညစ်ညမ်းမှုနှင့် ထိတွေ့မှုသည် တစ်မြို့တည်း နေသူများအကြားပင် တစ်နေရာနှင့်တစ်နေရာ သိသာစွာ ကွာခြားနိုင်ကြောင်း၊ ကျေးလက်အစွန်အဖျား၌ နေထိုင် သူများနှင့်အဓိကကျသည့် ကားလမ်းမကြီးအနီး နေထိုင် သူတို့အကြား လေထုညစ်ညမ်းမှုနှင့်ထိတွေ့မှုမှာ တူညီ နိုင်မှုမရှိကြောင်း၊ သို့ဖြစ်၍ ဒေသဆိုင်ရာ လေ့လာမှုတို့ကို ပိုမိုအသေးစိတ်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ ပါသည်။

ကနေဒါနိုင်ငံ မွန်ထရီရယ်ရှိ မက်ဂေးလ်တက္ကသိုလ် မှ ကူးစက်ရောဂါပညာရှင် မာ့ခ်ဂိုးဘာ့ဂ်က ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတို့အကြား ဆက်နွှယ်မှုရှိကြောင်း အခိုင်အမာပြသနိုင်ရေးအတွက် အသေးစိတ်လေ့လာမှု ၂၀ ကျော်ခန့် ထပ်မံဆောင်ရွက် ရန် လိုအပ်မည်ဖြစ်ကြောင်း ဂါးဒီးယန်းသတင်းစာသို့ ပြောကြားခဲ့ပါသည်။

သုတေသနပညာရှင် အိုဂင်ကလည်း ၎င်း၏ လေ့လာတွေ့ရှိချက်နှင့် အခြားသူများ၏ တွေ့ရှိချက် များသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတို့အကြား ဆက်နွှယ်မှုရှိနိုင်သည့် အချက် အပေါ် ပိုမိုအနီးကပ်လေ့လာကြစေရေးအတွက် သုတေသနပညာရှင်များကို တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း၊ လူအသေအပျောက်များပြားမှုနှင့် ပတ်သက်၍ အဖြေတစ်ရပ် ရှာတွေ့နိုင်မည်ဆိုပါက အနာဂတ်တွင် ကူးစက်ရောဂါများကို ဟန့်တားရာ၌ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။

အနည်းဆုံးတော့ သက်ဆိုင်ရာအာဏာပိုင်များ အနေဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု မြင့်မားသည့် ဒေသများ၌ နေထိုင်သူများအတွက် အထူးကာကွယ် စောင့်ရှောက်မှု အစီအမံဆောင်ရွက်သွားရန် တွန်းအား ပေးလိမ့်မည်ဟုလည်း မျှော်လင့်ကြပါသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှု မြင့်မားမှုအခြေအနေက ဗိုင်းရပ်စ်ကူးစက်မှုအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း အခိုင်အမာသက်သေပြနိုင်မည်ဆိုပါက စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပုံစံများအား ပတ်ဝန်းကျင်ညစ်ညမ်းမှု ကို တွန်းအားပေးသည့် လုပ်ဆောင်မှုများအပေါ် အလွန်အမင်း အားမထားတော့ဘဲ ပြန်လည်ပုံဖော်ရေးဆွဲ ကြလိမ့်မည်ဟု အိုဂင်က ယုံကြည်ထားပါသည်။ ယင်းသို့ ဆိုပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူ ဖြစ်စေသည့် မူဝါဒများအား ပိုမိုအကောင်အထည်ဖော် ရမည့် အကြောင်းရင်းများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုကလည်း တစ်နည်းတစ်ဖုံ ပါဝင်သည်ဟု မှတ်ယူ နိုင်မည် ဖြစ်ပါသည်။

Ref: Sébastian SEIBT. “Air pollution and Covid-19: an explosive combination for our health?” French 24: 23 April 2020.