ပတ်ဝန်းကျင်ပျက်စီးမှုကို ဝိုင်းဝန်းကာကွယ်

နေပြည်တော် ၇ ဇွန်

 

၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ ၅ ရက်နေ့က နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အခမ်းအနားသို့တက်ရောက်ပြီး စွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်ပစ္စည်းများ ပြန်လည်ထုတ်လုပ်သုံးစွဲနိုင်မည့် နည်းလမ်းများကို စဉ်းစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြား၌ ဂေဟစနစ်များ ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ ရေထုနှင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း စသည့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ယင်းတွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုသည် အရေးကြီးအကြောင်းကိစ္စတစ်ခု ဖြစ်လာသည်။ ကုလသမဂ္ဂမှ လေ့လာဆန်းစစ်တွေ့ရှိမှုအရ စွန့်ပစ်ပစ္စည်းအားလုံး၏ ၁၀ ရာခိုင်နှုန်းသည် ပလတ်စတစ်ပစ္စည်းများဖြစ်ပြီး ပင်လယ်သမုဒ္ဒရာအတွင်း နှစ်စဉ်အနည်းဆုံးတန်ချိန် ရှစ်သန်းခန့် ရောက်ရှိနေသည်ဟု ဆိုထားသည်။

 

မကြာသေးမီရက်ပိုင်းက ပင်လယ်ကမ်းစပ်တင် ဝေလငါးအသေတစ်ကောင်၏ ဗိုက်အတွင်းမှ ပလတ်စတစ်စ အမြောက်အမြားကို တွေ့ရှိခဲ့သည်။ လူသားများအနေဖြင့် ပလတ်စတစ်ပစ္စည်းများကို အလွန်အကျွံ သုံးစွဲလာသောကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးရမည့် အနေအထားသို့ ရောက်လာခဲ့သည်။ ပလတ်စတစ် ပစ္စည်းများကို ထိန်းချုပ်ခြင်းမရှိပါက ၂၀၅၀ ပြည့်နှစ်တွင် သမုဒ္ဒရာထဲရှိ ရေနေသတ္တဝါများထက် ပလတ်စတစ်အပိုင်းအစများက ပိုများလာဖွယ်ရှိကြောင်း၊ လက်ရှိကာလပတ်ဝန်းကျင်ညစ်ညမ်းမှုတွင် ပလတ်စတစ်ကြောင့် ညစ်ညမ်းမှု ၈၇ ရာခိုင်နှုန်းရှိသဖြင့် စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း သုတေသန ပညာရှင်များက သုံးသပ်ထားကြသည်။

 

ယင်းအခြေအနေများကြောင့် ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ကို “ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့” ဟု သတ်မှတ်ခဲ့သည်။ ရည်ရွယ်ချက်မှာ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချရန်၊ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းတည်တံ့စေမည့် အခြားနည်းလမ်းများကို အချင်းချင်းမျှဝေပြီး အတူတကွပူးပေါင်းရှာဖွေဖော်ထုတ်ကြရန်အနေဖြင့် တိုက်တွန်းထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို အောင်မြင်နေသည့် နိုင်ငံတကာနည်းပညာများ အခြေခံ၍ စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် နိုင်ငံတော်သမ္မတက နိုင်ငံသူ နိုင်ငံသားအားလုံးအနေဖြင့် တစ်ဦးချင်း တာဝန်သိစိတ်များဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်မလာအောင် ဝိုင်းဝန်းထမ်းရွက်ပေးရန် တိုက်တွန်းထားသည်။ ပတ်ဝန်းကျင်ကောင်းဖြစ်လာရန်မျှော်မှန်းပြီး မဟာဗျူဟာနှင့်လုပ်ငန်းစဉ်အရ ထွက်ရှိမှုလျှော့ချခြင်း၊ ပြန်လည်သုံးစွဲခြင်း၊ ပြန်လည်ပြုပြင်သုံးစွဲခြင်း နည်းစဉ်များဖြင့် အမျိုးသားအဆင့်၊ မြို့တော်အဆင့်၊ မြို့နယ်အဆင့် အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်ထားသည်။

 

သို့ဖြစ်ရာ စွန့်ပစ်ပစ္စည်းများ၊ သုံးစွဲပြီးပလတ်စတစ်ပစ္စည်းများနှင့်ပတ်သက်၍ အထူးအရေးကြီးသော အနေအထားသို့ ရောက်ရှိနေပြီဖြစ်၍ ထုတ်လုပ်သူများရော သုံးစွဲသူများပါ အသိတရားရှိရှိ ချင့်ချိန်ပြုလုပ်ကြရန် လိုအပ်ပေသည်။ သုံးစွဲသူများအနေဖြင့် မိမိတို့ကျန်းမာရေးအတွက် ပူးပေါင်းပါဝင်ရန်လိုအပ်သည်။ မိမိတို့၏ ရှေးမူမပျက် ကျန်းမာရေးနှင့်ညီညွတ်သော ရိုးရာအစဉ်အလာ အလေ့အကျင့်ကောင်းများကို မပစ်ပယ်ဘဲ ဆက်လက်ကျင့်သုံးခြင်းဖြင့် သုံးစွဲမှုလျှော့ချခြင်းလုပ်ငန်းစဉ်များတွင် အထောက်အကူပြုနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ ပတ်ဝန်းကျင်နှင့် သက်ရှိများအား ခြိမ်းခြောက်လာသော စွန့်ပစ်ပစ္စည်း ပလတ်စတစ်အန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်သည်။ 

 

ကြေးမုံ