ပတ်ဝန်းကျင်ထိန်းသိမ်းရေးအလေးထား

mdn

နေပြည်တော် ၁ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် လူဦးရေ တစ်နေ့တခြား ထူထပ်များပြားလာသည်နှင့်အညီ မြို့ပြ၏ စိန်ခေါ်မှုများ တစ်စထက်တစ်စ များပြားလာသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ကာလက ရန်ကုန်မြို့ရှိလူဦးရေမှာ ခြောက်သန်းခန့်ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ် လူဦးရေကောက်ယူမှု စာရင်းအရ ရန်ကုန်မြို့ လူဦးရေမှာ ရှစ်သန်းခန့်ရှိနေပြီ ဖြစ်သည်။

 

မြို့တော်နေ လူဦးရေသည် နှစ်စဉ် တိုးပွားလျက်ရှိသောကြောင့် နောင်လာမည့်နှစ်များတွင် လူဦးရေ ၁၀ သန်းနှင့်အထက် ရှိလာမည်ဖြစ်ရာ mega city အဆင့် သတ်မှတ်ရမည့် မြို့ကြီး ဖြစ်လာပေမည်။ ထို့ကြောင့် အနာဂတ်ကာလကို မျှော်တွေး လျက် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိသလို မြို့တော်ကြီးတွင် ကြုံတွေ့လာရမည့် ရေ၊ မီး၊ လမ်း၊ အိမ်ရာ၊ အမှိုက်ပြဿနာများကို ဖြေရှင်းနိုင်အောင် ဝိုင်းဝန်းလက်တွဲ စီမံဆောင်ရွက်ကြရမည် ဖြစ်သည်။

 

လူဦးရေအလွန်ထူထပ်သည့်မြို့တော်ကြီးတွင် ဖြေရှင်း ပေးရမည့် စိန်ခေါ်မှုများအမြောက်အမြားရှိသည့်အနက် နေ့စဉ် ရင်ဆိုင်ကြုံတွေ့ရသည့် မော်တော်ယာဉ်ပိတ်ဆို့မှုပြဿနာနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုကို စိန်ခေါ်လျက်ရှိသော အမှိုက် ပြဿနာတို့ကို စနစ်တကျစီမံခန့်ခွဲဖြေရှင်းနိုင်မှ မြို့ပြအင်္ဂါရပ် နှင့် ညီညွတ်မည်ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မြို့၌ မြို့ နေ ပြည်သူများ စွန့်ပစ်ခဲ့သောအမှိုက်များမှာ တစ်ရက်လျှင် တန်ချိန် ၂၅၀ဝ ထွက်ရှိနေရာ ပတ်ဝန်းကျင်ညစ်ညမ်းမှု မဖြစ်စေရန် မြို့တော်စည်ပင်က အတတ်နိုင်ဆုံးဖြေရှင်းပေးလျက်ရှိသည်။

 

ရန်ကုန်မြို့တွင် အမှိုက်များ နေ့စဉ်အဆက်မပြတ်ထွက်ရှိ နေရာ အမှိုက်သိမ်းဆည်းရေး၊ စွန့်ပစ်စုပုံရေးအတွက် ရေရှည် တွင် ကြီးမားသောပြဿနာများရှိလာနိုင်သည်။ စွန့်ပစ်အမှိုက်များမှ အနံ့ဆိုးများ ထွက်ပေါ်ခြင်း၊ မြေဆီလွှာပျက်စီးခြင်း၊ သောက်သုံးရေများ အဆိပ်အတောက်ဖြစ်ခြင်း၊ ကူးစက်ရောဂါ များ ဖြစ်ပွားနိုင်ခြင်း၊ မီးလောင်လွယ်ခြင်း၊ မြေထု၊ ရေထု၊ လေထု နှင့် မြို့တော်ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်ပွားနိုင်သည့်အပြင် နောင်လာမည့်နှစ်များတွင် အမှိုက်ပစ်စရာ၊ အမှိုက်ထား စရာ နေရာမရှိတော့သည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့ရတော့မည် ဖြစ်သည်။

 

သို့သော် ဇန်နဝါရီလ ၂၉ ရက်က ပြုလုပ်သည့် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်ရန် ပိုလန်နိုင်ငံအစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေး ကိစ္စနှင့် စွန့်ပစ်အမှိုက်များကို ပြုပြင် သန့်စင်ခြင်း၊ ချေဖျက် ဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်နိုင်မည့် စီမံကိန်းကို ကြားသိရသဖြင့် ရန်ကုန်မြို့ပြပတ်ဝန်းကျင် သန့်ရှင်းကောင်းမွန်ရေးအတွက် အကောင်အထည်ဖော်နိုင် လိမ့်မည်ဟု မျှော်လင့်ပါသည်။

 

ရန်ကုန်မြို့တော်တွင် နေ့စဉ်ထွက်ရှိသော အမှိုက်များ ရှင်းလင်းရေးအတွက် သန့်ရှင်းရေးလုပ်သားများ၊ အမှိုက်ကား များကို ရန်ပုံငွေ အမြောက်အမြား ကျခံသုံးစွဲနေရသည်။ အမှိုက်စွန့်ပစ်ခြင်း၊ သိမ်းဆည်းခြင်း၊ ပြုပြင်စီမံဆောင်ရွက် ခြင်းအတွက် ပိုမိုကောင်းမွန် ခေတ်မီသောနည်းလမ်းများဖြင့် ကြုံတွေ့နေရသော မြို့ပြစိန်ခေါ်မှုကို ဖြေရှင်းသွားရမည်ဖြစ် သည်။ စွန့်ပစ်အမှိုက်များကို ထိရောက်သော ပြုပြင်သန့်စင် သည့် အဆင့်မြင့်စနစ်ဖြင့် ဆောင်ရွက်နိုင်ပါက မြို့တော်နေ ပြည်သူများအတွက် သန့်ရှင်းသာယာသော ပတ်ဝန်းကျင် ဖြစ်စေနိုင်သည့်အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းချုပ် ကာကွယ်နိုင်မည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့ အတွက် သာမက နိုင်ငံအနာဂတ်အတွက်ပါ ပိုမိုကောင်းမွန်သော အနာဂတ်ဖြစ်ပေါ်လာပြီး ပြည်သူများလည်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ဆယ်စုနှစ်တွင်း နောက်ထပ် နှစ်ဆတိုးတက် လာနိုင်သည့် အမှိုက်ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ယခု ဆောင်ရွက်မည့် အမှိုက်ပြုပြင်သန့်စင်ခြင်း စနစ် စီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပြီး ရန်ကုန် မြို့ပြသန့်ရှင်းသာယာလှပရေး၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံ၏ အနာဂတ်ပုံရိပ်လှပလာအောင် ဝိုင်းဝန်းမြှင့်တင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း