ပုဂံဒေသတွင် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်းများတွင် လာရောက်ကြည့်ရှုသူများဖြင့် စည်ကား

ညောင်ဦး ၃၁  ဒီဇင်ဘာ 

နှစ်သစ်ကူးရုံးပိတ်ရက် ပြည်တွင်းပြည်ပ ခရီးသွားများနှင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သမိုင်းဝင်ဘုရားပုထိုများ၊ သာသနိက အဆောက်အအုံးများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူများနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်း(တု)များပေါ်တွင် ပုဂံနေဝင်ဆည်းဆာ ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။ 

ပုဂံ-ညောင်ဦးဒေသသို့ လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပ ဘုရားဖူးများအနေဖြင့် ချမ်းအေးသည့် ဆောင်ရာသီကိုခံစားရင်း မြင်းလှည်းစီးခြင်း၊ E-Bike ဘက်ထရီဘီးစီးပြီး ရှေးဟောင်းစေတီပုထိုး၊ သာသနိက အဆောက်အုံများ လေ့လာခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

ပုဂံဒေသ၏ အလွန်ရှေးကျသော သမိုင်းကြောင်းများကို စိတ်ဝင်တစား လေ့လာမှတ်သားနေကြပြီ ဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့မှ ဘုရားဖူးလာရောက်သည့် မဆွေဆွေသိန်းက ပြောပြသည်။

“ယခင်က ပြည်တွင်းဘုရားဖူးများ သမိုင်းဝင်အထင်ကရ ဘုရားများဖြစ်သည့် စွယ်တော်လေးဆူ၊ မဟာငှက်ပစ်တောင်၊ အလိုတော်ပြည့်၊ ထီးလိုမင်းလို၊ အာနန္ဒာဘုရား၊ ဗူးဘုရား၊ စူလာမဏိ၊ သဗ္ဗညု၊ ဓမ္မရံကြီးဘုရားများတွင်သာ လူစည်ကားရာမှ ယခုအခါ နာမည်မကြီးသည့် စေတီပုထိုးများ၊ ကဗ္မည်းရေးထိုးမထားသည့် အုတ်ပုံများ ခြုံနွယ်ကြားမှဘုရားများကိုပါ စိတ်ဝင်စားလာကြသည်မှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ကို တန်ဖိုးထားလာသည်”ဟု မြင်မိကြောင်း ရန်ကုန်မြို့မှ နှစ်သစ်ကူးရုံးပိတ်ရက် ဘုရားဖူးလာသူ မခင်မမက ပြောသည်။

ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ဖို့ ညအိပ်လာကြောင်း၊ ပုဂံ-ညောင်ဦးဒေသရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတို့တွင် တည်းစရာနေစရာမရှိအောင် ပြည့်ကုန်နေပြီး နီးစပ်ရာ  ဘုန်းတော်ကြီးကျောင်းများတွင်တည်းကာ ပုဂံနေဝင်ဆည်းဆာကို လာကြည့်ကြောင်း၊ နေဝင်ဆည်းဆာကြည့်ရှုသူ အင်မတန်များကြောင်း မန္တလေးမြို့မှ ဘုရားဖူးရင်း နေဝင်ဆည်းဆာကြည့်ရန် ရောက်ရှိနေသည့် ကိုချမ်းငြိမ်းအောင်က ပြောသည်။

ပုဂံတွင် နေဝင်ဆည်းဆာကြည့်ရှုရန်အတွက် မြေသားကုန်းမြင့်များ ပြုလုပ်ပေးထားပြီး စူဠာမဏိ ဘုရားမြောက်ဘက်တွင် ညွှန်လက်တစ်ဘက်ကုန်းမြင့်၊ စူဠာမဏိဘုရားတောင်ဘက် ရေကန်ထိပ်တွင် ကိုမောက်ကြီးကုန်းမြင့်နှင့် မင်းနန်သူကျေးရွာ ရေကန်ထိပ်တွင် နေဝင်ဆည်းဆာကြည့်ရန် ကုန်းမြင့်(တု)များ ပြုလုပ်ပေးထားကြောင်း သိရသည်။

မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း