ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ မြင်းကပါကျေးရွာရှိ မနုဟာမင်းကြီးကောင်းမှုတော် မနုဟာဘုရားဖူးမြော်ပြီး ဗောဓိပက္ခိယတရား (၃၇)ပါး သရုပ်ဖော်တည်ထားသည့် စေတီငယ်(၃၇)ဆူ ဖူးမြော်လေ့လာနိုင်

ညောင်ဦး ဇွန် ၂၇

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ မြင်းကပါကျေးရွာရှိ မနုဟာမင်းကြီးကောင်းမှုတော် မနုဟာဘုရားဖူးမြော်ပြီး ဗောဓိပက္ခိယတရား (၃၇)ပါး သရုပ်ဖော်တည်ထားသည့် စေတီငယ် (၃၇)ဆူ တည်ထားမှုအား လေ့လာနိုင်ကြောင်း သိရသည်။

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မနုဟာဘုရားကို သထုံပြည့်ရှင် မနုဟာမင်းသည် ခရစ်နှစ်(၁၀၅၉)ခုနှစ်တွင် အနော်ရထာမင်း၏ စစ်သုံ့ပန်းအဖြစ် အကျဉ်းချခံရစဉ်ကတည်းက တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ဟိန္ဒူဘုရားကျောင်းပုံစံဖြစ်ပြီး ပစ္စယာများအပေါ်တွင် ဗောဓိပက္ခိယတရား (၃၇)ပါး သရုပ်ဖော်တည်ထားသည့် စေတီငယ် (၃၇)ဆူ တည်ထားသည်ကို ဖူးတွေ့နိုင်ကာ ဂူဘုရားအလယ်တွင် ထိုင်တော်မူဆင်းတုကြီးတစ်ဆူ၊ ဘေးတစ်ဘက်တစ်ချက်တွင် ဆင်းတုအလတ်တစ်ဆူစီ၊ အနောက်ဘက်တွင် ပရိနိဗ္ဗာန်စံတော်မူဟန် ရှင်ပင်သာလျောင်းတစ်ဆူ တည်ထားသည်။ ဆင်းတုတော်များမှာ လိုဏ်ဂူတော်နှင့် ဉာဏ်တော်အချိုးအစား မမျှပြည့်ကြပ်လျက်ရှိပြီး တည်ဆောက်သူ ဒါယိကာမင်း၏ စိတ်ခံစားချက်ကို သရုပ်ဖော် တည်ဆောက်ထားဟန်ရှိကြောင်း လေ့လာတွေ့ရှိနိုင်သည်။

 

မနုဟာဘုရား၏ မြောက်ဘက်တွင် မင်္ဂလာစေတီ၊ အရှေ့မြောက်ဘက်တွင် မြစေတီ၊ ဂူပြောက်ကြီးဘုရား၊ ရွှေစေတီ၊ တောင်ဘက်တွင် အပါယ်ရတနာဘုရား၊ နဂါးရုံဘုရား၊ ကျောက်မျက်မှော်ဘုရား၊ စိမ်းညက်အမဘုရား၊ ပျူဘုရားသုံးဆူတန်းဘုရားများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင် ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသော တည်ထားမှုပုံစံအမျိုးမျိုးတို့ဖြင့် ဘုရားများကို ဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။

 

ဒီပါလင်း