ပုဂံလူရည်ချွန်စခန်းဖွင့်လှစ် ကျောင်းသားကျောင်းသူများ သမိုင်းအထင်ကရဘုရားများ ဖူးမြော်လေ့လာ

ညောင်ဦး ဧပြီ ၂၈

 

ပုဂံလူရည်ချွန်စခန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အောင်မြေသာရပ်ရှိ ပုဂံလူရည်ချွန်စခန်း မုခ်ဦးရှေ့၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လူရည်ချွန်ကြီးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် လူရည်ချွန်ကျောင်း သားကျောင်းသူများ၊ ကြီးကြပ်ဆရာဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ပုဂံလူရည်ချွန်စခန်းအား လူရည်ချွန်ကျောင်းသားကျောင်းသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် အခမ်းအနားကို Heritage Hotel ၌ ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ် ဦးမျိုးအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး နဝမတန်း လူရည်ချွန် ကျောင်းသားကျောင်းသူများကိုယ်စား လူရည်ချွန် ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားကာ လူရည်ချွန် ကျောင်းသားကျောင်းသူများအတွက် လူရည်ချွန်တံဆိပ်များကို ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်တစ်ဦးစီထံ ပေးအပ်၍ လူရည်ချွန် ကျောင်းသား (၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများက လူရည်ချွန် ကျောင်းသားကျောင်းသူများကို ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကာ ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ကြပြီး လူရည်ချွန် ကျောင်းသားကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်၍ လူရည်ချွန် ကျောင်းသားကျောင်းသူများက အမှတ်တရသစ်ပင် စိုက်ပျိုးကြသည်။

 

ဆက်လက်၍ လူရည်ချွန် ကျောင်းသားကျောင်းသူများသည် မနုဟာဘုရား၊ မြစေတီဘုရား၊ ဗူးဘုရား၊ သဗ္ဗညုဘုရား၊ ထီးလိုမင်းလိုဘုရားနှင့် ရွှေစည်းခုံဘုရားတို့အား ဖူးမြော်ကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများက ဘုရားသမိုင်းကြောင်းနှင့် နံရံဆေးရေးပန်းချီများ၊ ဗိသုကာလက်ရာများကို ရှင်းလင်းပြောကြားပေးရာ လူရည်ချွန် ကျောင်းသား ကျောင်းသူများမှ သိရှိလိုသည်များမေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

 

ဒီပါလင်း