ပုဏ္ဏားကျွန်း၌ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာ စက်မှုလက်မှု သင်တန်းများဖွင့်

ပုဏ္ဏားကျွန်း ၁၅ အောက်တိုဘာ

 

ပုဏ္ဏားကျွန်း၌ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များအတွက် အခြေခံမော်တော်ယာဉ် စက်ပြုပြင်နည်းသင်တန်း (၃/၂၀၁၈)၊ လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ် (၅/၂၀၁၈) နှင့် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်ဂဟေသင်တန်း အမှတ်စဉ် (၆/၂၀၁၈) သင်တန်းများဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက စစ်တွေခရိုင် ပုဏ္ဏားကျွန်းမြို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန  နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

 

အခမ်းအနားတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ  ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်းဘွေက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ရခိုင်ပြည်နယ် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းထိုက်က တိုင်းရင်းသား လူငယ်များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ၏ လူနေမှုဘဝ မြင့်မားလာစေရေး သင်တန်းသားများအနေဖြင့်  လေ့ကျင့်သင်ကြားပေးသော ပညာရပ်တို့ကို စိတ်ဓာတ်၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် တတ်ကျွမ်းနားလည်လာအောင် ကြိုးစားလေ့လာ သင်ယူသွားကြရန်နှင့် သင်တန်း၏ စည်းကမ်းချက်များကိုလည်း လိုက်နာဆောင်ရွက်ကြရန် ပြောကြားသည်။

 

သင်တန်းကာလမှာ လက်ကိုင်ဖုန်းပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းနှင့် လျှပ်စစ်၊ ဂဟေသင်တန်းတို့ကို ရက်သတ္တပတ် (၁၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး  အခြေခံမော်တော်ယာဉ် စက်ပြင် သင်တန်းကို ရက်သတ္တ (၂၂)ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး စစ်တွေခရိုင်၊ မောင်တောခရိုင်၊ မြောက်ဦးခရိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှ သင်တန်းသား စုစုပေါင်း (၅၅)ဦးကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

နီထွန်းအောင်(ပြန်/ဆက်)