နေပြည်တော် ဖေဖော်ဝါရီ ၁၅
စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် (၈) မြို့နယ်မှ တောင်သူများအား ဘဲကုန်းကျေးရွာ စံပြစိုက်ကွင်း၌ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ကိစ္စများကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။
တောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရာဂီမုန်တိုင်းအရှိန်ကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံမှုတွင် သဲနုန်းများ ဖုံးလွှမ်းထိခိုက်ခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စိုက်ပျိုးမြေများအားလုံး သီးနှံအစားထိုး ပြန်လည်စိုက်ပျိုးနိုင်ရေးကို နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှု၊ မိမိတို့ဝန်ကြီးဌာန တာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများ၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် ဆောင်ရွက်နိုင်ခဲ့ကြကြောင်း။
လက်တွေ့အသုံးချသုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပေးစိုက်ခင်းအဖြစ် တောင်သူများနှင့် အနီးစပ်ဆုံးဖြစ်သည့် ဘဲကုန်းကျေးရွာအနီးရှိ ယခုစိုက်ကွင်းတွင် ပဲယင်းနီ သီးနှံ အပါအဝင် သီးနှံ (၈) မျိုးကို လက်တွေ့စိုက်ပျိုး ပြသဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများတွင် ပဲယင်းနီသည် ဖြစ်ထွန်းမှု အကောင်းဆုံးဖြစ်သော်လည်း မိမိတို့ဒေသနှင့် ကိုက်ညီဖြစ်ထွန်းပြီး တောင်သူအကျိုးအမြတ် ပိုမိုရရှိစေမည့် သီးနှံမျိုးကို မိမိတို့ကိုယ်တိုင် ရွေးချယ်၍ အောင်မြင်အောင် စိုက်ပျိုးလုပ်ကိုင်သွားကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တောင်သူများသည် စံပြစိုက်ကွင်းအတွင်း ထယ်ရေးမဲ့စနစ်ဖြင့် စိုက်ပျိုးထားသည့် ပန်းနှမ်း၊ ပဲပုပ်၊ ပဲယင်းနီ၊ ပဲလွန်းဖြူ၊ နေကြာ၊ ပဲချဉ်ပေါင်၊ မတ်ပဲ နှင့် အစေ့ထုတ်ပြောင်းသီးနှံများ၏ ဖြစ်ထွန်းအောင်မြင်နေမှုကို ကွင်းဆင်းကြည့်ရှုကြရာ တာဝန်ရှိသူများက သီးနှံတစ်မျိုးချင်းအလိုက် စိုက်ပျိုးမှုနည်းပညာများနှင့် နုန်းဖုံးသွားသော လယ်မြေများပေါ်တွင် ဆောင်းသီးနှံပဲယင်းနီ ပိုမိုဖြစ်ထွန်းမှုကို ရှင်းလင်းတင်ပြကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ် ဆင်သေဆည်ရေသောက်စနစ် အတွင်းရှိ လယ်ယာမြေများတွင် ဆောင်းသီးနှံများ ဖြစ်ထွန်းအောင်မြင်နေမှု၊ နွေသီးနှံစိုက်ပျိုးရန် ရေပေးဝေထားရှိမှုနှင့် မြေပြင်ထွန်ယက်နေမှုကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ်ရှိ ကင်းသာရေထိန်းတမံ ပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကင်းသာချောင်းပေါ်တွင် ယာယီချောင်းပိတ်တည်ဆောက်၍ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေရန် ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
