ရာကျော်သမိုင်းပညာရှင်နှင့် စာရေးဆရာမကြီး စည်သူဒေါ်ကြန် (မကြန်)

ဒေါက်တာကျော်ဝင်း(ရန်ကုန်တက္ကသိုလ်)

 

မြန်မာသမိုင်းပညာရှင်များနှင့် စာပေပညာရှင်များတွင် အသက်အရှည်ဆုံးမှာ ဒေါ်ကြန်ပင်ဖြစ်သည်။ ဒေါ်ကြန်နှင့် ကျွန်တော်သည် ဂုဏ်ထူးတန်းကျောင်းသားဘဝကပင် တွေ့ဆုံခွင့်ရခဲ့သည်။

 

တွေ့ဆုံခဲ့သည့်နေရာမှာ ကွယ်လွန်သွားပြီဖြစ်သော ဆရာကြီးဒေါက်တာသန်းထွန်း၏ရုံးခန်းတွင်ဖြစ်သည်။ ဆရာကြီးဒေါက်တာသန်းထွန်းနှင့် ဆရာမကြီး ဒေါ်ကြန်တို့ သမိုင်းသုတေသနအကြောင်းအရာတို့ကို ဆွေးနွေးကြသည်များအား ဘေးမှနားထောင်ရသည့်အခါတိုင်းတွင် ကျွန်တော့်အဖို့ သမိုင်းဘာသာရပ်၏တန်ဖိုးကို နားလည် သဘောပေါက်ရသည်။ သမိုင်းသုတေသနလုပ်ထုံးလုပ်နည်းများကိုလည်း နားလည်ခွင့်ရခဲ့သည်။

 

အကျိုးရှိသောလမ်းညွှန်အမှာစကားများ

သမိုင်းဌာနတွင် ဆရာပေါက်စဖြစ်လာချိန်တွင်လည်း ဆရာမကြီးဖတ်ကြားခဲ့သော သုတေသနစာတမ်းများ၊ သုတေသနဆောင်းပါးများကို ဖတ်ရှုလေ့လာပြီးအတုခိုး ခဲ့ရသည်။ ဆရာမကြီး၏ သမိုင်းဘာသာရပ်အပေါ် ထားရှိသောအမြင်ကို သိရှိခွင့်ရသောအခါ ပို၍ကြည်ညို လေးစားမိသည်။ ဆရာမကြီးကသမိုင်းကိုစိတ်ဝင်စားအောင်ရေးရန်၊ သင်ကြားစေရန် သမိုင်းဆရာများတွင် တာဝန်ရှိကြောင်း၊ စိတ်ဝင်စားရအောင် ရေးရမည်ဆိုသော် လည်း ဒဏ္ဍာရီများနှင့် ရောထွေးရေးလျှင် သမိုင်းမဟုတ် ကြောင်း၊ မမှန်တော့ကြောင်း၊ သမိုင်းကိုလွမ်းအောင်ရေး၍မရကြောင်း၊ ရယ်ရအောင် ဟာသနှော၍မရနိုင်ကြောင်း၊ စေတနာပို၍လည်းမဖြစ်၊ မုန်းလို့သနားလို့လည်းမရ ကြောင်း၊ အထောက်အထား အချက်အလက်အပေါ်မှာ မူတည်၍ရေးရကြောင်း၊ ၎င်းစည်းကမ်းများကို မသွေဖည် ဘဲ သမိုင်းကိုအိပ်မပျော် အောင်၊ သမိုင်းကိုဖတ်ပျော်အောင် ရေးရန် ကြိုးစားရမည်ဖြစ်ကြောင်း မိန့်ဆိုခဲ့သည်မှာ သမိုင်းသင်ကြားသူများရော၊ သမိုင်းရေးသူများအတွက် ပါ အလွန်အကျိုးရှိသော လမ်းညွှန်အမှာစကားများ ဖြစ်ပါသည်။

ဆရာမကြီးဒေါ်ကြန်သည် သူ၏လမ်းညွှန်အမှာ စကားများနှင့်အညီ ကျမ်းကြီးကျမ်းခိုင်များကိုလည်း ရေးသားသည်။ သမိုင်းစာတမ်းငယ်များ၊ ဆောင်းပါးများ ကိုလည်း ရေးသားသည်။ ထိုကျမ်းများ၊ စာတမ်းငယ်များ၊ ဆောင်းပါးများဖြင့် သမိုင်းကိုစိတ်ဝင်စားလာအောင်၊ ဆက်လက်ဖတ်ရှု လေ့လာလိုအောင် ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သည်။

 

ဆရာမကြီးဒေါ်ကြန်သည် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် ကျူတာလုပ်ပြီးနောက် သမိုင်း ကော်မရှင် (ယခုသမိုင်းသုတေသနဦးစီးဌာန)တွင် အကြီးတန်းသုတေသနမှူးအဖြစ် အမှုထမ်းဆောင်ခဲ့ သည်။ ကုန်းဘောင်ခေတ်နှင့် ဗြိတိသျှခေတ်ဆိုင်ရာ မြန်မာ့သမိုင်းပြုစုရေးကို တာဝန်ယူရသည်။ ထိုစဉ်က သမိုင်းကော်မရှင်၏ဆောင်ပုဒ်မှာ “ရှာဖွေ-စုဆောင်း၊ စုဆောင်း-ရေးသား၊ ရေးသား-ပုံနှိပ်” ဟူ၍ဖြစ်သည်။ သို့ဖြစ်၍ ဆရာမကြီးဒေါ်ကြန်သည် သမိုင်းအထောက် အထားများကို ပြည်တွင်းရောပြည်ပမှာပါရှာဖွေခဲ့သည်။

 

လန်ဒန်မြို့၊ အိန္ဒိယနိုင်ငံဆိုင်ရာမှတ်တမ်းရုံး ပိဋကတ် တိုက်ရှိ ကိုလိုနီနိုင်ငံများဆိုင်ရာ အစိုးရမှတ်တမ်းမှတ်ရာ စာအုပ်များမှ သမိုင်းအထောက်အထားများကို ရရှိနိုင်သမျှ မိုက်ကရိုဖလင်ရိုက်ကူးခဲ့သည်။ ဆရာမကြီး ရိုက်ကူးခဲ့သော ဗြိတိသျှမှတ်တမ်းများဆိုင်ရာ မိုက်ကရိုဖလင်များသည် ယနေ့ထက်တိုင်သမိုင်းသုတေသနဦးစီးဌာနတွင် အသုံး တည့်လျက်ရှိသည်။

 

အောင်မြင်သောခရီးစဉ်

 

ဆရာမကြီး ဒေါ်ကြန်သည် လန်ဒန်သို့ နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့သည်။

ပထမအကြိမ်တွင်တစ်ဦးတည်းသွားရောက်ခြင်းဖြစ်ပြီး ဒုတိယအကြိမ်တွင် ဒေါက်တာရီရီနှင့်သွားရောက်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအခေါက်တွင် ဆရာမ ကြီး ဒေါ်ကြန်နှင့် ဒေါက်တာရီရီတို့သည် ဝိတိုရိယနှင့် အယ်လ်ဘတ်ပြတိုက်မှ မြန်မာမင်းခမ်းတော်များကို သွားရောက်ဓာတ်ပုံရိုက်ယူနိုင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် အမျိုးသားပြတိုက်တွင် ယခုပြသထားသော မင်းခမ်းတော် ပစ္စည်းများကို တော်လှန်ရေးကောင်စီ အစိုးရလက်ထက် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲအပ်ပေးခဲ့သဖြင့် ဆရာမကြီး ဒေါ်ကြန်နှင့်ဒေါက်တာရီရီတို့၏ အောင်မြင်သောခရီးစဉ် ဖြစ်သည်ဟု ဆိုနိုင်သည်။

 

အင်္ဂလန်မှရလာသော အထောက်အထားများကြောင့် ရတနာပုံစက်ရုံများစာတမ်း၊ စစ်သိမ်းပစ္စည်းများစာတမ်း၊ မြန်မာဒေါင်းဒင်္ဂါးတို့၏ဇာတ်သိမ်းပုံစသည့် သုတေသန စာတမ်းများ ပေါ်ထွက်လာနိုင်ခဲ့သည်။

 

ဆရာမကြီးဒေါ်ကြန်သည် ပြည်ပအထောက်အထားများရှာဖွေသကဲ့သို့ ပြည်တွင်းတွင်လည်း အထောက်အထား များရရှိရန် ဒေသအနှံ့ခရီးနှင်ခဲ့သည်။ ဘုရားကြိုဘုရားကြား၊ ကျောင်းကြိုကျောင်းကြား၊ သင်္ချိုင်းကြိုသင်္ချိုင်းကြားသွား၍ ကျောက်စာရှာသည်။ ပုရပိုက်ကူးသည်။

 

ရှေးကျောင်းကြီးများ၏ပန်းပုလက်ရာများကို မှတ်တမ်းတင်သည်။ ဆရာမ ကြီး ဒေါ်ကြန်နှင့် သူတို့ခေတ်က အကြီးတန်းသုတေသန မှူးများ၏ အပတ်တကုတ်ကြိုးစားမှုကြောင့် သမိုင်းသုတေ သနဦးစီးဌာန၏ စာကြည့်တိုက်နှင့်မော်ကွန်းတိုက်သည် သုတေသီတို့၏ အားထားရာ ဘဏ္ဍာတိုက်ကြီးဖြစ်ခဲ့ရသည်။ ဆရာမကြီး၏ ဘဝသက်တမ်းတစ်လျှောက်လုံး သမိုင်း သုတေသနလုပ်ငန်းဖြင့်မြှုပ်နှံခဲ့သည်။ မိမိ၏ပညာဖြင့် နိုင်ငံနှင့်လူမျိုးအတွက် စွမ်းဆောင်ခဲ့ပါသည်။ သို့ရာတွင် ဆရာမကြီးသည် သူဝါသနာပါသော သမိုင်းသုတေသန လုပ်ငန်းများကို အဓိကလုပ်ဆောင်နေသော မြန်မာ့သမိုင်း ကော်မရှင်တွင် အဖွဲ့ဝင်ဖြစ်မလာခဲ့ပါ။ မြန်မာစာအဖွဲ့တွင် သာ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။

 

မြန်မာစာအဖွဲ့ဝင်ဖြစ်လာသည့်အခါတွင်လည်း ဆရာမ ကြီးသည် မြန်မာစာအဖွဲ့လုပ်ငန်းများအတွက် များစွာ အထောက်အကူပြုခဲ့သည်။ မြန်မာဝေါဟာရများ အနက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ရှေးရာဇဝင်ကျမ်းများမှ ဝေါဟာရ များ၏ အဓိပ္ပာယ်ကိုဖွင့်ဆိုခြင်းတို့တွင် ဆရာမကြီးကိုအခြား ပညာရှင်များက အားကိုးကြရသည်။ မြန်မာစာအဖွဲ့အနေဖြင့် မြန်မာအဘိဓာန်ကျမ်းများ၊ မြန်မာ-အင်္ဂလိပ်အဘိဓာန်များ၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်များပြုစုရာတွင် သမိုင်း ဆိုင်ရာများ၊ နန်းမှုနန်းရာဆိုင်ရာများ၊ မင်းမှုထမ်းဆိုင်ရာ များ၌ ဆရာမကြီး၏ အကြံပေးချက်၊ ဆွေးနွေးချက်များ သည် အဘိဓာန်ကို ပိုမိုပြည့်စုံခိုင်မာစေခဲ့ကြောင်း သိရှိရ သည်။

 

ဝန်ထမ်းဘဝမှအငြိမ်းစားယူပြီးနောက် ဆရာမကြီး သည် သမိုင်းနှင့် စာပေရေးရာလုပ်ငန်းများတွင် ဆက်လက်၍ တာဝန်ယူခဲ့သည်။ အမျိုးသားစာပေ စိစစ် ရွေးချယ်ရေး ကော်မတီဝင်၊ စာပေဗိမာန်အဖွဲ့၏ ရည်ညွှန်း ကျမ်းစီစဉ်ရေးအဖွဲ့ဝင် (မြန်မာ့စွယ်စုံကျမ်းနှင့် မြန်မာ စွယ်စုံကျမ်းနှစ်ချုပ်များအပါအဝင်)၊ ထွန်းဖောင်ဒေးရှင်း၊ အဘိဓာန်အဖွဲ့ဝင်နှင့် စာပေဆုကော်မတီဝင်အဖြစ် ထမ်းဆောင်ခဲ့သည်။

 

သမိုင်းနှင့်မြန်မာစာပေကိုသံယောဇဉ်ကြီးသူ ဆရာမ ကြီး ဒေါ်ကြန်သည် မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်၊ စာပေနှင့်လူမှုရေးသိပ္ပံဂျာနယ်၊ သမိုင်းတံခွန်၊ သမိုင်း သုတေသနစာစောင်၊ ယဉ်ကျေးမှုစာစောင်/ မဂ္ဂဇင်း၊ ငွေတာရီ မဂ္ဂဇင်းအပါအဝင်စာစောင်မဂ္ဂဇင်း၊ ဂျာနယ်များ တွင် သုတေ သနစာတမ်း၊ ဆောင်းပါးများရေးသားပြုစုခြင်း၊ စာအုပ်စာမူ တည်းဖြတ်ခြင်း၊ လုံးချင်းစာအုပ်(သီးသန့်)ရေးသားထုတ်ဝေခြင်းများကိုလည်းပြုလုပ်ခဲ့သည်။

 

ဆရာမကြီးဒေါ်ကြန်၏ သမိုင်းသုတေသနစာတမ်း များ၊ ဆောင်းပါးများ၊ စာအုပ်များစွာကို ရေးသားစီစဉ်ပြုစု၊ တည်းဖြတ်ခြင်းများကြောင့် အမျိုးသားစာပေဆုငါးကြိမ်၊ အမျိုးသားစာပေတစ်သက်တာဆု၊ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုတို့ကို ရရှိခဲ့သည်။ စာပေဆုများ အပြင်ဆရာမကြီးဒေါ်ကြန်သည် ဝိဇ္ဇာပညာထူးချွန်ဆု (ပထမအဆင့်)၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ချီးမြှင့်သောထူးချွန်အမျိုးသမီးဆု၊ နိုင်ငံတော်သမ္မတကြီး ထံမှ စည်သူဘွဲ့တံဆိပ်တို့ကိုလည်း ရရှိခဲ့သည်။

 

များစွာအကျိုးပြု

 

ဆရာမကြီးဒေါ်ကြန်သည် သူ၏ဘဝသက်တမ်း တစ်လျှောက်လုံးတွင် သမိုင်းနှင့်စာပေရေးရာတာဝန်တို့ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ မြန်မာ့သမိုင်းပညာရပ် အတွက်လည်း များစွာအကျိုးပြုခဲ့သည်။ ကွယ်လွန်သူ ဒေါက်တာသန်းထွန်းက “ဒေါ်ကြန်တို့၊ ဒေါက်တာရီရီတို့ ကဲ့သို့ သမိုင်းသုတေသီမျိုး သူ့တစ်သက်မှာ ထပ်မံတွေ့ဖို့ မရှိတော့၊ သူတို့လိုဇွဲလုံ့လနှင့် ကြိုးစားလေ့လာနိုင်၊ ဖတ်ကြားနိုင်၊ ရေးသားနိုင်တဲ့သမိုင်းပညာရှင်များ ထပ်မံ မပေါ်ထွန်းနိုင်တော့”ဟု ပြောကြားခဲ့ကြောင်း မှတ်သား ရပါသည်။

 

ဆရာမကြီးဒေါ်ကြန်သည် အသက် ၁၀၂ နှစ်အထိ နေခဲ့ရပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် သူချစ် သော သမိုင်းနှင့်စာပေလောကကို ခွဲခွာသွားပြီဖြစ်သည်။ ဆရာမကြီး စည်သူဒေါ်ကြန်သည် အစားထိုး၍မရသော သမိုင်း ပညာရှင်နှင့် စာရေးဆရာမကြီးအဖြစ် သမိုင်း တွင်ကျန်ရစ်ခဲ့ပါသည်။ ။

 

 

မြန်မာ့အလင်း