ရာသီတုပ်ကွေးရောဂါ Seasonal Influenza ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက် (၃/၂၀၁၉)

နေပြည်တော် ၁၇ ဇူလိုင်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများ၊ ကူးစက်မြန်ရောဂါများ အထူးသဖြင့် ပြည်သူ့ကျန်းမာရေးပြဿနာ (Public Health Problem) နှင့် ကပ်ရောဂါ (Epidemic) အသွင်ဖြင့် ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ (Communicable Disease Surveillance) လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် (၂၀ဝ၅) (International Health Regulations-IHR 2005) နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိတွင် ရာသီတုပ်ကွေးရောဂါ Seasonal Influenza ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း၊ လူနာကုသခြင်းလုပ်ငန်း၊ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများအပါအဝင် ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ၊ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ပြည်သူလူထု၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ရာသီတုပ်ကွေးရောဂါသည် အိမ်နီးချင်းနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများ၌လည်း ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ (၁၆) ရက်နေ့အထိ စာရင်းဇယားများအရ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း (၂၈၁) ဦး ဖြစ်ကာ အသက်အုပ်စု (၁၅-၆၅) နှစ်တွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး (၅၁ %) ရှိသည်ကိုတွေ့ရှိရပါသည်။

 

1

 

2


ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူများကို လေ့လာသုံးသပ်ရာတွင် သာမန်အားဖြင့် သေဆုံးမှုနှုန်း မမြင့်မားသော်လည်း နာတာရှည်ရောဂါအခံရှိသူများ၊ အသက်အရွယ်ကြီးလွန်းသူနှင့် ငယ်လွန်းသူ ကလေးငယ်များတွင် ရောဂါပြင်းထန်ပြီး သေဆုံးမှုမြင့်မားကြောင်းသိရပါသည်။ သေဆုံးသူ (၅၆) ဦးအနက် အသက်အုပ်စု အသက် (၁၅-၆၅) နှစ်တွင်သေဆုံးမှုအများဆုံးဖြစ်ပြီး စုစုပေါင်းသေဆုံးမှု၏ (၄၉%) ဖြစ်ပြီး နာတာရှည်ရောဂါ အခံရှိသူ (Co-morbid condition)များတွင် သေဆုံးသူ (၄၄)ဦး အထိရှိ ပြီး စုစုပေါင်း သေဆုံးမှု၏ (၇၈.၆%) ရှိသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ရောဂါလက္ခဏာများ စတင်ဖြစ်ပွားခဲ့သော်လည်း ဆေးရုံသို့ နောက်ကျပြီးရောက်ရှိလာခြင်းကြောင့် သေဆုံးမှုမြင့်တက်နိုင် ကြောင်းတွေ့ရှိရပါသည်။

 

3


(၁၆-၇-၂၀၁၉) ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူများအနက် (၁၁၇) ဦးမှာ ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်ပြီး လက်ရှိအတွင်းလူနာ (၄၄) ဦးအနက် အများစုမှာလည်း ရောဂါသက်သာ ကောင်းမွန်လျက် ရှိပါသည်။

 

4


တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ -

(က)    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖြန့်ဝေပေးထားသော ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးများအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေး ထိုးနှံနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်း၊

(ခ)    သက်ဆိုင်ရာမြို့နယ်များအလိုက် ရာသီတုပ်ကွေး ရောဂါပိုးတွေ့ရှိသော လူနာများနေထိုင်ရာ မြို့နယ်သို့သွားရောက်၍ ရာသီတုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း၊ လူနာသစ်ရှာဖွေခြင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် မိသားစုဝင်များကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဂ)    သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ စည်ပင်သာယာရေးဌာနများနှင့် ပညာရေးဌာနများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍  ရာသီတုပ်ကွေး ရောဂါအသိပညာပေးခြင်း၊ သတင်းအချက်အလက်များအား သရုပ်ပြ Video များအား LED Board များတွင် ပြသနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ရုံးဌာနများနှင့် ပြည်သူလူထုသွားလာမှု များသောနေရာများ (ဘူတာ၊ ဈေး၊ ကျောင်း၊ ကားဂိတ်၊ ဈေးဝယ်စင်တာ၊ YBS) တွင် ကျန်းမာရေးအသိပညာများ မြှင့်တင်နိုင်ရန်အတွက် ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ IEC Corner များထားရှိရန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဃ)    သာမန်တုပ်ကွေးရောဂါအစုလိုက် ဖြစ်ပွားမှုများနှင့် ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုများ သတင်းရရှိပါက တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် တိုင်းအဆင့်နှင့် ခရိုင်အဆင့်များတွင် Rapid Response Team များ ဖွဲ့စည်းထားရှိခြင်း

(င)    တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကျန်းမာရေးအရေးပေါ်စီမံခန့်ခွဲမှုဌာန (Emergency Operation Center –EOC) များနှင့် online မှတစ်ဆင့် (Teleconference) ပြုလုပ်ဆက်သွယ် အကြောင်းကြား၍ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများအား ပိုမိုထိရောက်စွာ ပူးပေါင်းပံ့ပိုးနိုင်ရန်အတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခြင်း စသည်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါဖြစ်ပွား၊ သေဆုံးမှုနှင့် ပတ်သက်၍ ပြည်သူများအကြား သတင်းအမှန်ရရှိပြီး စိုးရိမ်မှုလျော့ကျစေရန်အတွက် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာဖြစ်သော www.mohs.gov.mm, https://www.facebook.com/ Ministry OfHealthAndSportsMyanmar နှင့် Myanmar CDC ၏ facebook စာမျက်နှာများမှ အချိန်နှင့် တပြေးညီ သတင်းဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။ ပြည်သူများအနေဖြင့်လည်း ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန