၂၅ မတ်
ကမ္ဘာ့အထင်ကရနေရာတွေဖြစ်တဲ့ ဆစ်ဒနီ ပြဇာတ်ရုံ၊ အီဖယ်မျှော်စင်နဲ့ မော်စကိုရှိ အနီရောင်ရင်ပြင် အစရှိတဲ့နေရာတွေမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကို အသိပေးလှုံ့ဆော်တဲ့အနေနဲ့ လျှပ်စစ်မီးများ ပိတ်ပြီး အမှောင်ချကာ Earth Hour အဖြစ် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
Earth Hour အစီအစဉ်ကို ၂၀ဝ၇ ခုနှစ်က သြစတြေးလျနိုင်ငံမှာ စတင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံပေါင်း ၁၈၇ နိုင်ငံက ထောက်ခံအားပေးသူ သန်းပေါင်းများစွာ ရှိခဲ့ပါတယ်။ ရာသီဥတု ပြောင်းလဲလာမှုကို အသိပေး လှုံ့ဆော်ရာမှာ အခြေခံလှုပ်ရှားမှုအဖြစ် ဒေသစံတော်ချိန် ည ၈ နာရီခွဲမှာ လျှပ်စစ်မီးများပိတ်ပြီး ပါဝင် လှုပ်ရှားကြတာ ဖြစ်ပါတယ်။
“သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းကာကွယ်ဖို့ အရေးတကြီး လိုအပ်လာ ကြောင်းကို သတိပေးတဲ့သဘောနဲ့ ပြုလုပ်တာပါ” ဟု Earth Hour ကျင်းပလှုပ်ရှားမှု စည်းရုံးရေး အကြီးအကဲ ဒဲမော့ဂိုမန်က အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။
ပြင်သစ်သမ္မတ မာကွန်ဟာလည်း အီဖယ်မျှော်စင်က မီးတွေကို ၎င်းကိုယ်တိုင် ပိတ်ပေးပြီး သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ကြဖို့ တိုက်တွန်း သွားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အာကာသစခန်းရှိ ရုရှားအာကာသစခန်းနဲ့ ရုရှားနိုင်ငံ အနီရောင်ရင်ပြင်၊ နယူးယော့ အင်ပါယာစတိတ် အဆောက်အအုံ၊ မက္ကဆီကို အထင်ကရနေရာများအပြင် အာရှအထင်ကရ နေရာများ ဖြစ်တဲ့ ကွာလာလမ်ပူ ပတ်ထရိုနပ်မျှော်စင်၊ ဟောင်ကောင်နှင့် စင်ကာပူတို့မှာလည်း မီးပိတ်အမှောင်ချ ခဲ့ကြပြီး ကိုလံဘီယာနိုင်ငံရှိ တတိယအကြီးဆုံး မြို့တော် ကာလီမှာလည်း ဖယောင်းတိုင်များ အသုံးပြုပြီး (60 +) စာသားကို ပုံဖော်ထွန်းညှိပြီး ပါဝင်လှုပ်ရှားခဲ့ပါတယ်။
လူသားတွေနဲ့ သက်ရှိသတ္တဝါတွေအတွက် ဖိအားတွေနဲ့ ရင်ဆိုင်လာရပါပြီ။ အရင်းအမြစ်တွေနဲ့ ဂေဟဗေဒ စနစ်ကလည်း ယိုယွင်းပျက်စီးလာပြီး Earth Hour လှုပ်ရှားမှုဟာ ကျွန်တော်တို့ ပြောင်းလဲမှု လုပ်ဆောင် ရတော့မယ်ဆိုတာ ပြသဖို့ အခွင့်အရေးပါလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်(စ်)ကလည်း မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။
MDN
ကိုးကား - အေအက်ဖ်ပီ