ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းဖို့ အကောင်းဆုံး ကြိုးစားကြပါစို့

 

 

ထွန်းကျော်

 

ကမ္ဘာ့တိုက်ကြီးများ၊ ကမ္ဘာ့နိုင်ငံများမှာရှိတဲ့ လူတိုင်းလူတိုင်းဟာ ရာသီဥတုပြောင်းလဲမှပုံစံတစ်မျိုးမျိုးနဲ့ ရင်ဆိုင် တွေ့ကြုံကြရမှာပဲဖြစ်ပါတယ်။ ရာသီဥတုကပ်ဆိုးကြီးဟာ ရုတ်တရက် ကျရောက်လာနိုင်သလို သူ့ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကိုလည်း ကြိုတင်ပြင်ဆင်ထားကြရမှာပဲ ဖြစ်ပါတယ်။

 

သက်ရှိတွေရဲ့ ဘဝတွေကို ခြိမ်းခြောက်

 

လူသားတွေရဲ့လုပ်ဆောင်မှုတွေကြောင့် ရာသီဥတုပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး အဲဒီပြောင်းလဲမှုတွေကပဲ   ကမ္ဘာကြီးပေါ်မှာ   မှီတင်းနေထိုင်ကြတဲ့ သက်ရှိတွေရဲ့ ဘဝတွေကို ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။  ဖန်လုံအိမ်သဘာဝဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ မြင့်တက်လာမှုနဲ့အတူ ရာသီဥတုပြောင်းလဲမှုတွေကလည်း ကြိုတင်ခန့်မှန်းထားတာထက်ကိုပဲ ပိုပြီးမြန်မြန်ဆန်ဆန် ဖြစ်ပေါ်လျက်ရှိပါတယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုး သက်ရောက်မှုတွေကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးမှုတွေကို အကြီးအကျယ်ဖြစ်ပေါ်စေပြီး အဲဒီပျက်စီးမှုထဲမှာ ပြင်းထန်တဲ့ ရာသီဥတုပုံစံပြောင်းလဲမှုတွေလည်း ပါဝင်ပါတယ်။ ထို့အတူ ပင်လယ်ရေ မျက်နှာပြင်တွေလည်း မြင့်တက်လာပါတယ်။

 

ကမ္ဘာကြီးမတည်ငြိမ်မှုနဲ့ စစ်ပွဲတွေအထိပါ ဖြစ်နိုင်

 

ဒါတွေကို ဂရုမမူဘဲ ပစ်ထားလိုက်မယ်ဆိုရင် ရာသီဥတုပြောင်းလဲမှုတွေဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုတွေကို အများအပြားပျက်စီးစေမှာပဲ ဖြစ်ပါတယ်။ ထို့အတူ သက်ရှိ အများအပြား ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းမှုတွေကို ဖြစ်စေပြီး နောက်ဆုံးမှာ ကမ္ဘာကြီးမတည်ငြိမ်မှုနဲ့အတူ စစ်ပွဲတွေအထိပါ ဆောင်ကြဉ်းလာစေမှာ ဖြစ်ပါတယ်။

 

ကမ္ဘာကြီးပူနွေးလာမှုကို ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်မှ စက်မှုမတိုင်မီအဆင့်အထိ သတ်မှတ်ဖို့ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို လျှော့ချရမှာဖြစ်သလို ၂၀၃၀ ပြည့်နှစ်မတိုင်မီမှာ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို ထက်ဝက်နီးပါးအထိ လျှော့ချရမှာပဲဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့တွေဟာ ဒီရည်မှန်းချက်တွေကို ဆိုးဆိုးရွားရွား ခြေရာဖျောက်ထားကြပါတယ်။

 

ကမ္ဘာကြီးပူနွေးမှုကို လျှော့ချဖို့ ကတိကဝတ်တွေကို ကျော်လွန်လုပ်ဆောင်ဖို့လို

 

ကမ္ဘာကြီးပူနွေးမှုကို လျှော့ချဖို့ သတ်မှတ်ထား တဲ့ ရည်မှန်းချက်နဲ့ ကတိကဝတ်တွေကို ကျော်လွန်ပြီး အရေးတကြီး ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ထို့အတူ ရည်မှန်းချက်တွေကို ပိုမိုမြင့်မြင့်ထားဖို့နဲ့ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို ကာကွယ်နိုင်ပြီး ရာသီဥတုဒဏ်ခံဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိတဲ့အထိ ရှေ့ဆက်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို သုညဖြစ်တဲ့အထိ လျှော့ချသွားဖို့ လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။ ဆင့်ကဲဖြစ်ပေါ်လာနိုင်တဲ့ သဘာဝကပ်ဆိုးကြီးကို ရှောင်ရှားနိုင်ဖို့ အရေးပေါ် လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ လိုအပ်သလို အနာဂတ်လူသားမျိုးနွယ်ကြီးအတွက် ဘေးကင်းတည်ငြိမ်တဲ့ အနာဂတ်ဖြစ်လာဖို့လည်း လိုအပ် ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးအနေနဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကတိကဝတ်တွေ ကို အကောင်အထည်ဖော်ဖို့ ရှောင်ဖယ်ဖယ်လုပ်နေ သမျှ ရာသီဥတုအကျပ်အတည်းဟာ ဆက်တိုက် ဖြစ်ပေါ်နေဦးမှာပဲ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် မှသည် ၂၀၁၉ ခုနှစ်အထိဟာ အပူနွေးဆုံး ဆယ်စုနှစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီကာလမှာ ကမ္ဘာ့တိုက်ကြီးတွေ အတွင်း တောမီးအကြီးအကျယ် လောင်ကျွမ်းမှုတွေ၊ ဟာရီကိန်းမုန်တိုင်းတိုက်ခတ် မှုတွေ၊ မိုးခေါင်ရေရှားမှုတွေ၊ ရေကြီးမှုတွေနဲ့ တခြား ရာသီဥတုဆိုင်ရာ ဘေးဒုက္ခတွေ ဖြစ်ခဲ့ပါတယ်။

 

နိုင်ငံ့စီးပွားရေးကို နှောင့်ယှက်ဟန့်တားမှုတွေဖြစ်စေ

 

ရာသီဥတုပြောင်းလဲမှုဟာ နိုင်ငံ့စီးပွားရေးကို နှောင့်ယှက်ဟန့်တားမှုတွေဖြစ်ပေါ်စေပြီး လူ့ဘဝတွေနဲ့ အိမ်ထောင်စုတွေ အားလုံးအပေါ် ဆိုးကျိုးတွေ သက်ရောက်စေခဲ့ပါတယ်။ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှုကို ခုခံကာကွယ်နိုင်စွမ်း မရှိသူတွေကို ပိုလို့တောင် ဆိုးစေပါတယ်။

 

ရာသီဥတုပြောင်းလဲမှုကို တစ်စုံတစ်ရာ အရေးယူမှုမလုပ်ဘူးဆိုရင် ရာသီဥတုပြောင်းလဲမှုဟာ ကမ္ဘာလုံးဆိုင်ရာ အပူချိန်ကို ၃ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်အထိ ဖြစ်ပေါ်စေမှာပဲဖြစ်ပြီး လူမှုစီးပွားဘဝကို ဆိုးရွားစွာ ထိခိုက်စေမှာပဲဖြစ်ပါတယ်။

 

တန်ဖိုးကြီးကြီးပေးဆပ်ကြရမယ်

 

ရာသီဥတုပြောင်းလဲမှုဟာ ပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို ဘယ်လောက်တောင် ဖြစ်ပေါ်စေခဲ့သလဲဆိုတာ မိမိတို့တွေ မျက်ဝါးထင်ထင်တွေ့မြင်ကြပြီး ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ အစားအစာနဲ့ သောက်သုံးရေဖူလုံမှုတွေကိုလည်း ခြိမ်းခြောက်လျက်ရှိပါတယ်။ အကယ်၍ အစားအစာနဲ့ သောက်သုံးရေ အလွန်ရှားပါးလာပါက ကျွန်တော်တို့တွေဟာ ဒါတွေအတွက် တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပဋိပက္ခ အသွင်ဆောင်လာကြမှာပဲဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကို ဘာမှမလုပ်ဘူးဆိုရင် ကျွန်တော်တို့ တွေဟာ တန်ဖိုးကြီးကြီး ပေးဆပ်ကြရမှာပဲ ဖြစ်ပါတယ်။

 

ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ရာသီဥတု ပြောင်းလဲမှုကိုဖြေရှင်းဖို့ ဘက်ပေါင်းစုံ၊ ရှုထောင့် ပေါင်းစုံကနေ အကောင်းဆုံး ကြိုးစားသွားရမှာပဲ ဖြစ်ပါတယ်။ ။

 

ကိုးကား- (ကုလသမဂ္ဂ)