ရောဂါကာကွယ်ရေးကို ဝမ်းမြောက်ဂုဏ်ယူ

mdn

နေပြည်တော် ၂၈ ဇန်နဝါရီ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမဦးဆုံး စတင်ထိုးနှံမှု အစီအစဉ် စတင်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံအတွက်သာမက နိုင်ငံသူ နိုင်ငံသားများအတွက်ပါ ဝမ်းမြောက်ဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာကောင်းသော အချိန်ကာလ၊ မင်္ဂလာရှိသောကာလဟု ဆိုရမည်ဖြစ်သည်။

ကူးစက်ရောဂါဖြစ်ပွားနေသော မျက်မှောက်ကာလတွင် လူသားအားလုံး မျှော်လင့်နေသောအရာမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကပ်ရောဂါ ဆိုးကြီးဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကြီး ဤကမ္ဘာလောကမှကွယ်ပျောက်သွား မည့်နေ့ဖြစ်သည်။ ဤရောဂါမှာ ပျောက်ကွယ်သွားရန် အကြောင်းမရှိသေးသဖြင့် အားလုံးမျှော်လင့်နေသည့်အရာမှာ လူတိုင်းကာကွယ်ဆေးထိုးနှံရေး ဖြစ်သည်။

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ပေါ်ထွက်လာပြီးသည်နှင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစတင်၍ နိုင်ငံအလိုက်ကာကွယ်ဆေးထိုးလာ ကြသည်။ များသောအားဖြင့် ကာကွယ်ဆေး စတင်ထိုးနိုင်သော နိုင်ငံများမှာ ချမ်းသာကြွယ်ဝသောနိုင်ငံများနှင့် အလယ်အလတ် အဆင့်ရှိသော နိုင်ငံများ ဖြစ်ကြသည်။ ထိုအခြေအနေကာလတွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံလိုက်နိုင်ပြီဖြစ်၍ ဂုဏ်ယူဖွယ်ရာ၊ ဝမ်းမြောက် ဖွယ်ရာဖြစ်ရသည်မှာ အမှန်ဖြစ်သည်။

မြန်မာနိုင်ငံရှိ ပြည်သူ၊ ပြည်သားအားလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ရန်အတွက် ကာကွယ်ဆေးရရှိရန် COVAX facility သို့ အဆိုပြုခြင်း၊ နိုင်ငံတော်အစိုးရဘဏ္ဍာငွေဖြင့် ဝယ်ယူခြင်း၊ အစိုးရအချင်းချင်း ချစ်ကြည် ရေးအစီအစဉ်ဖြင့် လက်ခံရရှိခြင်း စသည့်နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အရည်အသွေးမြင့်မား၍ လုံခြုံစိတ်ချမှုရှိသော ကာကွယ်ဆေးများကို ဦးစွာရရှိပြီး ဆေးထိုးနှံမှုအစီအစဉ်များလည်း စတင်၍ဆောင်ရွက် နေပြီဖြစ်သည်။

အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရသို့ အိမ်နီးချင်းနိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် ကာကွယ်ဆေးအလုံးရေ တစ်သန်းခွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပေးအပ်ခဲ့သဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်ပြီး နိုင်ငံတစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ယူဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများနှင့်စေတနာ့ ဝန်ထမ်းပြည်သူများအား ထိုးနှံပေးနေပြီဖြစ်သည်။ လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပတော့မည်ဖြစ်၍ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား ထိုးနှံပေးမည် ဖြစ်သည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များလည်း ပြည်သူတို့နှင့်အတူ စတင်ထိုးနှံသွားမည် ဖြစ်သည်။ ပြည်သူများအား ကာကွယ်ဆေးထိုးပေးရာတွင် မိမိအိမ်တွင် နေထိုင်ရေးအစီအစဉ်၌ အကျုံးဝင်သော မြို့နယ်များတွင် နေထိုင်ပြီး အသက်ကြီးသူများ၊ အခြားရောဂါအခံရှိ သူများနှင့် ရောဂါ ရရှိလွယ်သော လူအုပ်စုများကို ကာကွယ်ဆေးဆက်လက် ရရှိမှုအပေါ်တွင်မူတည်၍ ကူးစက် ဖြစ်ပွားမှုများသော မြို့နယ်၊ နေရာဒေသ များအလိုက် ဦးစားပေးရွေးချယ်ထိုးနှံပေးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ကာကွယ်ဆေးအကြိမ် (dose) အရေအတွက် သန်း ၃၀ ကို ဝယ်ယူထားပြီးဖြစ်ရာ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ကာကွယ်ဆေး အကြိမ်ရေ နှစ်သန်းခန့် ကနဦး ရောက်ရှိလာမည် ဖြစ်ပြီး COVAX facility ကာကွယ်ဆေးသည် မတ်လမှစတင်၍ လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ကာကွယ်ဆေးများသည် ဧပြီလတွင်လည်းကောင်း လစဉ်အသုတ်လိုက် စဉ်ဆက်မပြတ် ရောက်ရှိနေမည်ဖြစ်၍ ပြည်သူအားလုံး အသုတ်လိုက်ထိုးနှံရမည်ဖြစ်သည်။

ယခုထိုးနှံပေးသော ကာကွယ်ဆေးသည် စွမ်းရည်ထက်မြက်မှု ရှိသော်လည်း ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးနောက် ကာကွယ်မှုစွမ်းရည်။ ခံနိုင်ရည်ကာလစသည်တို့ကို သုတေသနပြု လေ့လာစမ်းသပ်ဆဲဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။ မျက်နှာဖုံးတပ်ရန်၊ လက်ဆေးရန်၊ ခပ်ခွာခွာနေရန်တို့ကို ပုံမှန်သဘော ဆက်လက်လုပ်ဆောင် ပေးကြရမည် ဖြစ်သည်။ ။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဘေးမှ ကာကွယ်နိုင်ရန် ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ လုပ်ဆောင်နိုင်ပြီး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို စောစောစီးစီး လုပ်ဆောင်နိုင်သည့်အတွက် ဝမ်းမြောက်ဖွယ်၊ ဂုဏ်ယူဖွယ်ဖြစ်ရပါကြောင်း။

ကြေးမုံ