‌ရွှေဘိုခရိုင်အတွင်း သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါးဧက (၂)သိန်းကျော်နှင့် အခြားသီးနှံဧက (၇)သောင်းကျော် စိုက်ပျိုးသွားမည်

ရွှေဘို၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါးဧက (၂)သိန်းကျော်နှင့် အခြားသီးနှံဧက (၇)သောင်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

“ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်များအနေဖြင့် သဖန်းဆိပ်ဆည်မှ ဆည်ရေလုံလောက်မှုမရှိတဲ့အတွက် (၂)နှစ်ဆက်တိုက် နွေစပါးစိုက်ပျိုးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ၂၀၂၁-၂၀၂၂ ခုနှစ်မှာတော့ သဖန်းဆိပ်ဆည် ဆည်ရေလုံလောက်မှုရှိတဲ့အတွက် စိုက်ပျိုးရေများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၇ နေ့မှာ ရေစတင်ပေးဝေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါမြို့နယ်တွေမှာ နွေစပါးကို (SMC) (YMC) (OMC) (RMC) စသည့် တူးမြောင်းမှ စိုက်ဧက (၂၄၉၈၅၀)၊ အခြားသီးနှံကို (SMC) နှင့် (YMC) တူးမြောင်းမှ စိုက်ဧက (၇၅၀၀၀)ဖြင့် စိုက်ပျိုးရန်လျာထားပါတယ်” ဟု ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဆွေက ပြောသည်။

 

လာမည့်နှစ် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအနေဖြင့် မိုးစပါးနှင့် မိုးသီးနှံ ရိတ်သိမ်းအပြီး နွေစပါးနှင့် အခြားသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မိမိတို့ဦးစီးဌာနမှ ထုတ်ပြန်ထားသော သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ မြေဆီလွှာ အဟာရဖြည့်တင်းရေးဆိုင်ရာ လုပ်ငန်းများနှင့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ကြိုတင်စုဆောင်းနိုင်ရေးအတွက် မိမိတို့ဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း ၎င်းထံမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)