ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအဖွဲ့ ပွင့်ဖြူမြို့နယ်အတွင်းရှိ မိုးစပါးစံပြကွက်၊ စမ်းသပ်ကွက် ၊ မျိုးစေ့သန့်စင်စက်နှင့် ဆန်စက်လုပ်ငန်းလုပ်ကိုင်နေမှုများအား ကွင်းဆင်းလေ့လာ

ပွင့်ဖြူ   ၂၁ ဩဂုတ်   
    

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်တွင် ပွင့်ဖြူမြို့နယ်သည် ဆန်စပါး အများဆုံးစိုက်ပျိုးထုတ်လုပ်သည့် မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူ (၇၄)ဦး အဖွဲ့သည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကွက်၊ စမ်းသပ်ကွက်တာဝန်ခံ ဒေါ်ခင်မာကြူ ဦးဆောင်၍ ဩဂုတ် ၂၁ ရက်၊ ယနေ့ နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မျိုးသန့်ခြံတို့က ဆောင်ရွက်နေသည့် မိုးစပါးစံပြ ကွက် ၊ စမ်းသပ်ကွက်နှင့် မျိုးသန့်စင်စက်ဖြင့် မျိုးသန့်ထုတ်လုပ်ဆောင်ရွက်နေမှုများ၊ ဆန်စက်လုပ်ငန်းရှင်များ လုပ်ကိုင်ဆောင်ရွက်နေမှုများကို လာရောက်ကွင်းဆင်း လေ့လာခဲ့ကြောင်း သိရသည်။ 
    

အဆိုပါ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအဖွဲ့သည် ရှေးဦးစွာ ပွင့်ဖြူ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးဆောင်ရွက်ထားရှိသည့် ကံသာကြီးကျေးရွာအုပ်စု ဘက်စုံအဆင့်မြင့်စံပြကျေးရွာတွင် စပါးသီးနှံအထွက်တိုးပွားရေး မိုးစပါးစံပြကွက်၊ စမ်းသပ်ကွက် ဧရာမင်း(S – CS) မျိုးစေ့ထုတ် ၄၀ ဧက စံပြကွက်တွင် ပျိုးသက်နုကောက်ကွက်ကျဲ(SRI)စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို သွားရောက်ကွင်းဆင်းလေ့လာရာ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က စံပြကွက်နှင့် စမ်းသပ်ကွက် စိုက်ပျိုးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ ပိုးမွှားရောဂါ ကင်းဝေးစေရေး ဆောင်ရွက်ရန် နည်းလမ်းများကိုလည်းကောင်း ကဏ္ဍအလိုက် ရှင်းလင်းပြသခဲ့သည်။ 
    

ထို့နောက် ပွင့်ဖြူမြို့နယ် ဖူးပွင့်သမအသင်းက ဆောင်ရွက်လုပ်ကိုင်နေသည့် မုန်းသီတာမျိုးစေ့သန့်စင်စက်ဖြင့် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်လုပ်နေမှုကို သွားရောက်လေ့လာရာ မြို့နယ်ဖူးပွင့်သမအသင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မိုးခိုင် က မျိုးသန့်စင်စက်ဖြင့် စပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်နေမှုနှင့် မြို့နယ်အတွင်း မျိုးသန့်ထုတ်လုပ်ရောင်းချပေးမှု အခြေအနေများကို ရှင်းလင်းပြသသည်။ 
    

ဆက်လက်၍ ကျောင်းသား ကျောင်းသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် မျိုးသန့်ခြံသို့ ရောက်ရှိပြီး ခြံအတွင်း မျိုးကောင်း မျိုးသန့် ထုတ်လုပ်ရန်အတွက် ကောက်စိုက်စက်ဖြင့် စပါးမျိုးသန့်စံပြကွက် စိုက်ပျိုးနေမှုနှင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသည့် ဧရာမင်း ၊ မနောသုခ ၊ ရတနာတိုး ၊ ဆင်းသုခ စပါးစိုက်ခင်းများကိုလည်းကောင်း၊ မျိုးသန့်စင်စက်ဖြင့် မျိုးကောင်း မျိုးသန့်ထုတ်လုပ်မှု နည်းပညာ အဆင့်ဆင့်နှင့် ထိန်းသိမ်းထားသိုမှု နည်းစနစ်များကိုလည်းကောင်း ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးဆောင်ရွက်ထားသည့် ပွင့်ဖြူမြို့နယ် မကျီးရုံကျေးရာတွင် မိုးစပါးစံပြကွက်၊ စမ်းသပ်ကွက် ဧရာမင်း(FS to RS)မျိုးစေ့ထုတ် ၁၀ ဧက ပျိုးသက်နုကောက်ကွက်ကျဲ(SRI)စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ၊ ပွင့်ဖြူ မြို့နယ် ရွှေဘိုရွာသစ်ကျေးရွာအနီးရှိ ကိုဖိုးသားဆန်စက်သို့ သွားရောက်ကာ စပါးအခြောက်ခံစက်ဖြင့် စပါးအခြောက်ခံ လုပ်ငန်းဆောင်ရွက်မှု နည်းစနစ်များ ၊ စပါးကြိတ်ခွဲစက်ဖြင့် ဆန်အချောသန့်စင်ထုတ်လုပ်မှုအဆင့်အဆင့်နှင့် ရောင်းတန်းဝင် ဆန်အိတ်များ ထုပ်ပိုးမှုနည်းစနစ်များကို ကွင်းဆင်းလေ့လာရာ ဆန်စက်လုပ်ငန်းရှင် ကိုဖိုးသားနှင့် မြို့နယ်ဦးစီးမှူး တို့က ကျောင်းသား ကျောင်းသူများ သိရှိလိုသည်များကို ကဏ္ဍအလိုက် ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။ 
                                                                                                                  

ရဲဝင်းနိုင် (ညောင်ဦး)