ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်တွင်  ရှားပါးမျိုးစိတ်  မြန်မာ့ရွှေသမင် ၄၅ ကောင်အထိ ရှိလာ

မင်းဘူး     ဇွန်     ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်တွင် ရှားပါးမျိုးစိတ် စာရင်းဝင် မြန်မာ့ရွှေသမင်များ ၄၅ ကောင်အထိ ရှိလာပြီဖြစ်‌ကြောင်း ရွှေသမင် ထိန်းသိမ်းစောင့်ရှောက်သူ ကိုငြိမ်းချမ်းဦးထံမှ သိရသည်။

ရွှေသမင်များ ထိန်းသိမ်းစောင့်ရှောက်ထားရာတွင် ၂၀၁၂ ခုနှစ်မှ စတင်ကာ နေပြည်တော် ဆာဖာရီဥယျာဉ်နှင့် ပုဂံလောကနန္ဒာဥယျာဉ်များမှ အထီး ငါးကောင်၊ အမ ခုနစ်ကောင်ဖြင့် စတင်ကာ မွေးမြူထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် အထီး ၁၅ ကောင်၊ အမ အ‌ကောင် ၃၀၊ စုစုပေါင်း ရွှေသမင် ၄၅ ကောင်ထိ ရှိလာပြီဖြစ်ပြီး တစ်ကောင်လျှင် အစာစရိတ် တစ်နေ့လျှင် ငွေကျပ် ၈၀၀ နှုန်းဖြင့် ၃၆၀၀၀ အကုန်ကျခံ ကျွေးမွေးရပြီး ကန်စွန်းရွက်နှင့် အခြားအရွက်နုကလေးများကို ရှာဖွေဝယ်ယူကျွေးမွေးရကြောင်း၊ ရေတိုက်၊ အစာကျွေးခြင်းနှင့် သမင်များ အနီးကပ်ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အလုပ်သမား နှစ်ယောက်ထားပေးရကြောင်း သိရသည်။

“ကြယ်လိပ်တို့ ရွှေသမင်တို့ဆိုတာ ကမ္ဘာ့ရှားပါးမျိုးစိတ် စာရင်းဝင်တွေပါ၊ ကျွန်တော်တို့ မြန်မာ့ရွှေသမင်တွေ ဆိုရင်လည်း မြန်မာတစ်နိုင်ငံတည်းမှာသာရှိတဲ့ ဌာနေဖွား မျိုးစိတ်ဖြစ်ပြီး အလွန်မတန်မှ ရှားပါးတဲ့အတွက် မျိုးသုဉ်း မျိုးဆက်မပြတ်စေ‌ရေး၊ ရွှေသမင်သားပေါက်များ တိုးပွားလာစေရေးတို့အတွက် ဂရုတစိုက် ကျွေးမွေးစောင့်ရှောက် ထားရပါတယ်၊ သူတို့ရဲ့ ထူးခြားတဲ့အချက်နဲ့ စရိုက်လက္ခဏာများကတော့ တစ်နှစ်မှာ တစ်ကြိမ်ဘဲ မျိုးလိုက်ပြီး၊ တစ်ခါပေါက်ရင် တစ်ကောင်ဘဲ ပေါက်လေ့ ရှိပါတယ်။ မွေးပြီးလို့ ရွှေသမင်သားပေါက် နှစ်နှစ်သား ရောက်တဲ့အခါ မျိုးစလိုက်ပြီး နှစ်နှစ်သားနဲ့ မျိုးလိုက်တဲ့ သမင်များဟာ အဖတ်မတင်ပါဘူး၊ သားလျှော သားပျက်တာ များပါတယ်။ သုံးနှစ်သားဆိုလျှင်တော့ သားတင်ပါတယ်။ သားပျက်၊ သားလျှောဖြစ်တဲ့အခါ သမင်အသေကောင်အား မိခင်သမင်မက သားသေအပုပ်နံ့ရပါက လန့်တတ်သဖြင့် အမြန်စွန့်ပစ်ရကြောင်း၊ နေမကောင်း ဖြစ်တဲ့အခါမှာလည်း သမင်အုပ်စုများထဲမှ ခွဲထွက်ကာ တစ်ကောင်တည်း သီးသန့်နေတတ်သဖြင့် ပါမိုဆောနှင့် ရုဆာမစ်ဆေးများကို အစာထဲသို့ ထည့်၍ တိုက်ကျွေးကာ ဂရုတစိုက် ထိန်းသိမ်းထားရပါတယ်’’ ဟု ရွှေစက်တော် ဂေါပက အတွင်းရေးမှူး ဦးမြင့်ဌေးက ပြောပြသည်။

ဇေယျာထက်(မင်းဘူး)