ရွှေစင်ရွှေသားစစ်တွေကို ချီမြှင့်မည့် " Miss Ethnic Myanmar Kick-Off Event " ပွဲ ဇန်နဝါရီ (၂၅) ရက်တွင် ကျင်းပမည်

၂၈  ဒီဇင်ဘာ
 
မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပွဲတော် ၂၀၁၉  "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ" အမည်ဖြင့် ကျင်းပပြုလုပ်မည့် ပွဲတွင် မြန်မာပြည် အနှံ့ရှိ တိုင်းရင်းသူ အလှမယ်များစွာ ပါဝင်သော "Miss Ethinc Myanmar Kick-Off Event" အမည်ဖြင့်  အလှမယ် ရွေးချယ်ပွဲကို ထည့်သွင်း ကျင်းပ ပြုလုပ်မည်ဟု သိရသည်။
 
အဆိုပါပွဲကို မြန်မာနိုင်ငံ လုပ်ငန်းရှင်များ အသင်းက ကြီးမှူးကျင်းပပြီး Myanmar Ethnics Culture Fest (သွေးချင်းတို့ရဲ့ပွဲတော်ဆီ) အထိမ်းအမှတ် ရွေးချယ် ကျင်းပမှာဖြစ်ပြီး  တိုင်းရင်းသား ကိုယ်စားလှယ် အလှမယ်များ မိတ်ဆက် အခမ်းအနားကို ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ရှိ Golden Butterfly  Hotel မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ယင်းပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့ (ကျိုက္ကစံ အားကစားကွင်း) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပထမဆု (သိန်း ၁၅၀ နဲ့ သရဖူ)၊ ဒုတိယဆု (သိန်း ၆၀)၊ တတိယဆု (သိန်း ၃၀) တို့ ဆုချီးမြှင့်မယ့်အပြင် Title ဆုများကိုလည်း ရွေးချယ်ပေးအပ် သွားမည်ဟု သိရသည်။
 
"ဒီပွဲကြီးရဲ့ အဓိကထူးခြားချက်က ဘာလဲဆို၊ အလှမယ်တွေ အနေနဲ့ ခန္ဓာကိုယ် လှပဖို့ထက်  သူတို့အနေနဲ့ စိတ်ဓာတ်လှပဖို့ကို အဓိကကျဖို့ လိုပါတယ်၊ ဒါတွေကို အဓိက အချက်အဖြစ်ထားပြီး လုပ်တာပါ၊ တိုင်းရင်းသူတွေ အနေနဲ့  ကျွန်တော်တို့ သက်ဆိုင်ရာ ဒေသကနေ တစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့ပြီးတော့  လာရောက် ယှဉ်ပြိုင်သူတွေကို သေချာစနစ်တကျ သင်ကြားပို့ချပေးပြီး အဲဒီထဲကနေ အရည်အချင်း ပြည့်ဝသူတွေကို စိစစ်ရွေးချယ်သွားမှာပါ။ ရွေးချယ်မှုပိုင်း အနေနဲ့ဆို ကျွန်တော်တို့ အလှမယ်(၄၀)ထဲကနေ ဆန်ခါတင် အဆင့်ဆင့်ရွေးမယ်။ ပြီးရင် သရဖူနဲ့ ထိုက်တန်သူကို ကျွန်တော်တို့ ထပ်ပြီး ရွေးသွားမှာပါ ခင်ဗျ" ဟု မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အသင်း ပွဲကျင်းပရေး ဆပ်ကော်မတီမှာ ဖျော်ဖြေရေးနှင့်  Miss Ethinc Myanmar ဖြစ်မြောက်ရေး၏ တာဝန်ခံ ကိုမရာဆိုင်းနော် က ပြောကြားခဲ့သည်။
 
အဆိုပါပွဲတွင်  စတိတ်ရှိုးနှင့်  အလှမယ်များ ပါဝင်သော အစီအစဉ်ကို  ဇန်နဝါရီ  (၂၅) ရက်နေ့ ည(၇) နာရီ တွင်စတင်ပြီး  တိုင်းရင်းသား တေးသံရှင်တွေ၏ ဖျော်ဖြေမှုတွေနှင့် ပြုလုပ်မည်ဖြစ်ကြောင်း ၂၉ ရက်နေ့အထိ  ဖျော်ဖြေပွဲပြုလုပ်မည်ဟု သိရသည်။       
 
"ဒီပွဲကြီးက တကယ်ကို ခမ်းနားတဲ့ ပွဲတော်ကြီးတစ်ခုဆိုလည်း မမှားပါဘူး၊ တိုင်းရင်းသားပေါင်းစုံ စုစည်းတင်ဆက်ကြတဲ့ အနုပညာပွဲတော်လို့လည်း ပြောလို့ ရပါတယ်၊ တိုင်းရင်းသား အဖွဲ့တွေကနေ ကိုယ့်ရိုးရာ၊ အကတွေ၊ ဝတ်စား ဆင်ယင်မူတွေကို တစ်နေရာတည်းမှာ အများပြည်သူ ကြည့်ရှုနိုင်အောင် လုပ်ထားကြမှာပါ၊ ပွဲတော်ကို မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ နေထိုင်ရာဒေသ ရိုးရာ အဆောက်အဦများ၊ တိုင်းရင်းသား ဒေသမှာရှိသော ခရီးသွား လုပ်ငန်းဆိုင်ရာ စိတ်ဝင်စားဖွယ်များ လေ့လာရန်၊ ထုတ်ကုန်များ ရိုးရာ အဝတ်အထည်များ၊ တိုင်းရင်းသား စီးပွားရေး လုပ်ငန်းစု အချင်းချင်း  မြှင့်တင်ရန်နဲ့ ငြိမ်းချမ်းရေးကိုလည်း အထောက်အကူ ပြုသွားနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်တာပါ၊" ဟု ထပ်မံဖြည့်စွက် ပြောကြားခဲ့သည်။
 
အဆိုပါ ပွဲတော်ကို လာမည့် ၂၀၁၉ ဇန်နဝါရီ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ  ရန်ကုန်မြို့ ကျိုက္ကစံကွင်းမှာ ကျင်းပပြုလုပ် သွားမှာဖြစ်ပြီးတော့ ဖျော်ဖြေရေး အစီအစဉ်၊  ရိုးရာ အဝတ်အထည်ပြခန်း၊  တိုင်းရင်းသား တေးသံသာ ဖျော်ဖြေရေး၊  ညဈေးတန်းနဲ့ တိုင်းရင်းသားရိုးရာ အစားအသောက် ကလေးတွေအတွက်လည်း ပျော်ပွဲရွှင်ပွဲတွေလည်း ပါဝင်မည်ဟု သိရသည်။
 
ကိုလင်း